ဘိန်းခင်းဖျက်ဆီးရေး အဖွဲ့ခွဲ ခေါင်းဆောင် ၉ ဦးကို စစ်ဆေးမေးမြန်း


2016.03.02
patjasan-protest-620.jpg Pat Jasan ပတ်ဂျာဆန်အဖွဲ့ တိုက်ခိုက်ခံရတာကို မကျေနပ်တဲ့အတွက် မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဆန္ဒပြကြစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံး-ကန်ပိုက်တီဒေသမှာ ဘိန်းခင်းဖျက်ဆီးတဲ့ ပတ်ဂျာဆန် ကချင်လူထုအခြေပြု ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ခွဲတွေနဲ့ ဒေသခံရွာသားတွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေ မီးရှို့ဖျက်ဆီး မှုတွေ ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး ဘိန်းခင်းဖျက်ဆီးရေး အဖွဲ့ခွဲ ၆ ဖွဲ့က ခေါင်းဆောင်တွေကို ပြည်နယ်ရဲတပ်ဖွဲ့က ဒီနေ့ စစ်ဆေးမေးမြန်းခဲ့ပါတယ်။

အဖွဲ့ခွဲခေါင်းဆောင် ၉ဦးကို အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ နေရာမှာ ကြုံတွေ့ခဲ့ရတာတွေကို မေးမြန်း တာဖြစ်တယ်လို့ ကချင်လူထုအခြေပြု ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ ဥက္ကဌ ဦးဂျီဖုန်းဒိန့်က ပြောပါတယ်။

"ကျနော်တို့ ဘိန်းခင်းခုတ်ရှင်းဖို့ သွားတဲ့အခါမှာ ကျနော်တို့အပေါ်မှာ တိုက်ခိုက်တဲ့ဥစ္စာ အဲ့အဖြစ်အပျက်မေးတာ၊ အခင်းဖြစ်တဲ့နေရာမှာ သွားတွေ့ကြုံတဲ့လူတွေကို မေးတာပါ၊ အမှန်တရားပေါ့ ဘယ်လိုဖြစ်လာသလဲပေါ့၊ အဖြစ်အပျက်နဲ့ သက်ဆိုင်မှုမရှိဘူးဆိုရင် သူတို့ပြန်သွားခိုင်းတယ် ဘာမှမပြောဘူး"

မြစ်ကြီးနားဆေးရုံမှာ တက်ရောက်နေတဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကိုလည်း ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းသွား မှာဖြစ်တယ်လို့ သိရပါတယ်။

ပတ်ဂျာဆန် ကချင်လူထုအခြေပြု ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ရက်နေ့က ဝိုင်းမော်မြို့ နယ် ဝေမိုးကျေးရွာနဲ့ ထန်မိုးခမ်းကျေးရွာအနီးမှာ ဘိန်းခင်းတွေကို ဖျက်ဆီးနေစဉ်  ဒေသခံရွာသားတွေနဲ့ အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ ၃၇ ယောက်လောက် ထိခိုက်ဒဏ်ရာရရှိပြီး ဆိုင်ကယ်တွေ နဲ့ နေအိမ်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုတိုက်ခိုက်မှုတွေ ပျက်စီးဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီး ဖော်ထုတ်အရေးယူဖို့အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှုး ဦးဆောင်ပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အဲဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ စစ်ဆေးမှု ဒီနေ့စတင်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။