ပတ်ဂျာဆန်အဖွဲ့ကို တိုက်ခိုက်မှု ကချင်ရှေ့နေများအဖွဲ့ ကန့်ကွက်


2016.02.27
patjasan-protest-620.jpg Pat Jasan ပတ်ဂျာဆန်အဖွဲ့ တိုက်ခိုက်ခံရတာကို မကျေနပ်တဲ့အတွက် မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဆန္ဒပြကြစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက်တီဒေသမှာ အစိုးရဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ဘိန်းခင်းဖျက်ဆီးနေတဲ့ ပတ်ဂျာဆန် (Pat Jasan) လို့ခေါ်တဲ့ ကချင်လူထုအခြေပြု ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ တိုက်ခိုက်ခံရတာကို ကန့်ကွက်ကြောင်း ကချင်ရှေ့နေများအဖွဲ့နဲ့ ဥပဒေအထောက်အကူပြု ကွန်ရက်က ဒီကနေ့ရက်စွဲနဲ့ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပတ်ဂျာဆန်အဖွဲ့ဟာ တရားဝင်အဖွဲ့အစည်းမဟုတ်ပေမယ့် ဘိန်းခင်းဖျက်ဆီးရေးတွေ လုပ်ဆောင်နေတာ မို့ ထောက်ခံတာဖြစ်ကြောင်း ကချင်ဥပဒေအထောက်အကူပြုကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဦးခွန်နောင်က ပြောပါတယ်။

"ပတ်ဂျာဆန်အဖွဲ့တွေကလည်း ဥပဒေနဲ့အညီဖွဲ့ထားတဲ့ အဖွဲ့မဟုတ်ဘူးဆိုတာကို ကျနော်တို့ လက်ခံတယ်၊ အားလုံးရဲ့ဘုံရန်သူဖြစ်တဲ့ဥစ္စာကို တိုက်ဖျက်ကြတယ်၊ တိုက်ဖျက်တဲ့အပေါ်မှာ ဒီအဖွဲ့အစည်းနဲ့ရှိနေတဲ့ နယ်ခြားစောင့်တပ်တို့ဘာတို့ပေါ့နော် သူတို့ကနေပြီးတော့မှ ဒီလိုမျိုးလုပ်ဖို့အတွက် စေခိုင်းရတဲ့ ဥစ္စာလေးတွေကို ကျနော်တို့ အချက်အလက်လေးတွေရတဲ့အချိန်မှာ  ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကလည်း ပတ်ဂျာဆန်လည်း ဥပဒေနဲ့ညီတဲ့ အဖွဲ့အစည်းတော့ မဟုတ်ဘူးဆိုတာမှန်တယ်၊ သို့သော်လည်းပဲ ကျနော်တို့ကတော့ သဘောရိုးနဲ့ သူတို့ကို ထောက်ခံပေးတာပေါ့ဗျာ၊ ကျနော်တို့တောင် မလုပ်နိုင် ဘူးပေါ့နော် ဒါပေမဲ့ သူတို့လုပ်တယ်၊ လုပ်တဲ့အပေါ်မှာ ဒီလိုတိုက်ခိုက်တဲ့အပေါ်မှာ ကျနော်တို့ကတော့ သူတို့ဘက်က ထောက်ခံတယ်ဆိုပြီးတော့မှ သဘောထားထုတ်ပြန်ရတာပါ"

ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ တိုက်ခိုက်ခံရတာကို အစိုးရလုံခြုံရေး တာဝန်ရှိသူတွေကတော့ ဘယ်အဖွဲ့အစည်းက တိုက်ခိုက်တယ်ဆိုတာ ပြောဆိုခြင်းမရှိသေးပါဘူး။

ဘိန်းခင်းဖျက်ဆီးရေး ပတ်ဂျာဆန်အဖွဲ့ကို ဘိန်းစိုက်တောင်သူတွေလို့ယူဆရတဲ့ အမည်မသိ လက်နက်ကိုင် အဖွဲ့တွေက တိုက်ခိုက်ခဲ့သလို ပတ်ဂျန်ဆန်အဖွဲ့ကလည်း ဘိန်းစိုက်တောင်သူလို့ ယူဆရသူတွေနဲ့ ရွာတချို့ကို အပြန်အလှန်ရိုက်နှက် ဖျက်ဆီးတာတွေ ရှိခဲ့ပါတယ်။

အခုလို အပြန်အလှန်တိုက်ခိုက်ကြတဲ့အတွက် ပတ်ဂျာဆန်အဖွဲ့နဲ့ ဘိန်းစိုက်တောင်သူလို့ ယူဆရသူတချို့အပါအဝင် ဒဏ်ရာရရှိသူ အယောက်သုံးဆယ်ကျော်တို့ဟာ မြစ်ကြီးနား ပြည်သူ့ဆေးရုံမှာ ဆေးကုသခံနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။