ပုသိမ်ထောင်မှာ ဆေးဝါးပို့ခွင့် ကန့်သတ်ခံရ

RFA Burmese
2024.04.12
ပုသိမ်ထောင်မှာ ဆေးဝါးပို့ခွင့် ကန့်သတ်ခံရ ဧရာဝတီတိုင်း ပုသိမ်အကျဉ်းထောင်အား တွေ့ရစဉ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် PPN- Myanmar

ဧရာ၀တီတိုင်း ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုမရတဲ့အပြင် ဆေးဝါးပို့ခွင့်ကိုလည်း ကန့်သတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူတွေက ဧပြီလ ၁၂ ရက်နေ့မှာ ပြောပါတယ်။

ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတာကြောင့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက ဆေးဝါးတွေ ပို့ပေးပေမယ့် အကျဉ်းသားတွေထံမရောက်ဘဲ ထောင်အာဏာပိုင်တွေက သိမ်းယူထားတာလို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“ပြင်ပကပို့တဲ့ဆေးဝါးတွေကို အကျဥ်းဦးစီးဌာနက လက်ခံတယ်။ သို့သော်လည်း နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူတွေလက်ထဲကို မရောက်လာဘူး။ ကြားမှာတင်ပဲ သူတို့ သိမ်းဆည်းလိုက်တာမျိုးတွေ ကြုံရတယ်ပေါ့နော်။ အဲဒါ လုံးဝကိုမဖြစ်သင့်တဲ့ကိစ္စပဲ။ မိမိကိုယ်တိုင်လည်း ဆေးဝါးလုံလုံလောက်လောက် မပေးနိုင်ဘူး။ မိသားစုကပေးတဲ့ ဆေးဝါးကိုလည်း လက်မခံဘူးဆိုတာက တစ်ဖက်လှည့်နဲ့ သူတို့က အကျဥ်းသား၊ အကျဥ်းသူတွေကို သေဆုံးအောင် လုပ်နေတာ”

ပုသိမ်ထောင်ရဲ့ အမျိုးသမီးအဆောင်တွေဘက်မှာတော့ ထောင်ဆေးရုံမရှိတာကြောင့် ကိုယ်ဝန်ဆောင် အကျဉ်းသူတွေအပါအဝင် အကျဉ်းသူအားလုံး လုံလောက်တဲ့ဆေးကုသခွင့်မရတဲ့အခြေအနေတွေလည်း ကြုံနေရတယ်လို့ သူက ဆိုပါတယ်။

ပုသိမ်ထောင်က ထောင်ဒဏ် ဆယ်နှစ် ချမှတ်ခံထားရတဲ့ အသက် ၄၆ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ ဒေါ်ချိုချိုဝင်းဟာ သားအိမ်မှာ အကျိတ်လုံးတည်နေတဲ့ ရောဂါဝေဒနာခံစားနေရပေမယ့် ထောင်ဆရာဝန်တွေက အကိုက်အခဲပျောက်ဆေးတစ်မျိုးကိုပဲပေးတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ထောင်ပြင်ပဆေးရုံမှာ ဆေးကုသဖို့တောင်းဆိုထားပေမယ့် အခုချိန်ထိ ထောင်အာဏာပိုင်တွေက ခွင့်ပြုပေးတာမရှိဘူးလို့လည်း ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းနဲ့ ပုသိမ်ထောင်မှူး ဦးအောင်ကျော်မြင့်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၁၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ဆက်စပ်လို့ လူနှစ်သောင်းကျော် (၂၀,၃၃၇ ဦး) ဖမ်းဆီးခံထားရပြီး အဲဒီအထဲက လူကိုးထောင်နီးပါး (၈၉၂၅ ဦး) ထောင်ဒဏ်တွေ ချမှတ်ခံထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။