နိုင်ငံကူးလက်မှတ်ရုံးတွေ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ပြန်ဖွင့်မည်

RFA Burmese
2023.02.23
နိုင်ငံကူးလက်မှတ်ရုံးတွေ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ပြန်ဖွင့်မည် ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

နိုင်ငံတစ်ဝန်းက နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေကို လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ပြန်ဖွင့်ဖို့ စစ်ကောင်စီဘက်က အသိပေးလာတယ်လို့ ရန်ကုန်မြို့က ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက RFA ကို ပြောပါတယ်။

နိုင်ငံတစ်ဝန်းမှာရှိတဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေကို စနစ်အဆင့်မြှင့်ဖို့ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကစလို့ စစ်ကောင်စီက ရပ်နားထားခဲ့တာပါ။

အခုတော့ နိုင်ငံကူးလက်မှတ်တွေကို အဆင့်မြှင်ထားတဲ့ အွန်လိုင်းဘိုကင် စနစ်သစ်နဲ့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး ဝဘ်ဆိုဒ်မှာ ဝင်ရောက်လျှောက်ထားနိုင်မယ်လို့ ဆိုပါတယ်။

အွန်လိုင်းစနစ်ကိုတော့ ရန်ကုန်မြို့ တစ်ခုတည်းမှာသာ လျှောက်ထားလို့ရမှာဖြစ်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ ရုံးတွေကိုတော့ လူကိုယ်တိုင် သွားရောက်လျှောက်ထား ရမှာ ဖြစ်ပါတယ်။

အွန်လိုင်းစနစ်နဲ့ နိုင်ငံကူးလက်မှတ်လျှောက်ဖို့ အခက်အခဲရှိနေသူတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေမှာ အကူအညီတောင်းနိုင်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ နေထိုင်တဲ့ မအေးအေးနုက ပညာရေးနဲ့ ပြည်ပနိုင်ငံကို ထွက်ခွာဖို့ ပတ်စပိုစ့်ရုံး ပြန်ဖွင့်မယ့်ရက်ကို စောင့်နေပေမယ့် အွန်လိုင်းဘိုကင်စနစ်က လက်တွေ့အလုပ်မဖြစ်မှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။

"အွန်လိုင်းစနစ်နဲ့ ဆိုတော့ ရုံးရှေ့နေပူထဲ သွားတန်းစီစရာမလိုတော့တဲ့အတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ ဒီစနစ်က တကယ်အလုပ်ဖြစ်ပါ့မလား စိုးရိမ်မိတယ်။ အရင် QR Code System နဲ့ကလည်း ပွဲစားတွေက QR Code တစ်ခုကို ငါးသောင်းလောက် အထိ ရောင်းစားတာ ကြုံခဲ့ရဖူးတယ်။ အမှန်တိုင်း ပြောရရင် ပတ်စပိုစ့်ရုံး ပြန်ဖွင့်မယ့် ရက် သတင်းကြားတာ အရမ်းဝမ်းသာမိတယ်"

နိုင်ငံကူးလက်မှတ် လျှောက်ထားမှုကို လွယ်ကူအောင် စီစဉ်ထားတာကြောင့် ကြားခံ ပွဲစားတွေကို ငွေကြေးပေးပြီး လျှောက်တာတွေမလုပ်ဖို့ အကြောင်းကြားစာမှာပါရှိတယ်လို့ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါအပြင် စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတချို့ ရပ်နားခဲ့လို့ အလုပ်လက်မဲ့ဖြစ်သူအများစုဟာ ပြည်ပနိုင်ငံတွေထွက်ပြီး ရရာအလုပ်လုပ်ဖို့ ပြင်ဆင်လာကြတာပါ။

အရင်က ပတ်စ်ပိုစ့်စာအုပ်ရဖို့ ငွေကျပ်လေးသောင်းခန့်သာ ကုန်ကျပေမယ့် အာဏာသိမ်း ပြီးနောက်ပိုင်း ကျပ်ငွေ သုံးသိန်းကနေ ငါးသိန်းအထိ ဈေးမြင့်တက်ခဲ့တယ်လို့ နိုင်ငံကူး လက်မှတ် လျှောက်ထားသူတွေက ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။