နိုင်ငံကူးလက်မှတ် စာအုပ်အတုပြုလုပ်သူ ရှစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

RFA Burmese
2025.01.06
နိုင်ငံကူးလက်မှတ် စာအုပ်အတုပြုလုပ်သူ ရှစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်အား တွေ့ရစဉ်။
Photo: RFA

နိုင်ငံကူးလက်မှတ် စာအုပ်အတုလုပ်ပြီး ထိုင်းနဲ့ မလေးရှားနိုင်ငံကို မြန်မာအလုပ်သမား ပို့ဆောင်ပေးနေသူ ရှစ်ဦးကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ဇန်နဝါရီလ ၆ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ဖမ်ဆီးထားသူတွေထဲမှာ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်က One Asia အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီနဲ့ လျမ်းထက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေအပါအဝင် နိုင်ငံကူးလက်မှတ် စာအုပ်အတု ပြုလုပ်သူတွေပါဝင်တယ် လို့ဆိုပါတယ်။

သူတို့ဟာ ကျပ်ငွေ သိန်း ခုနစ်ဆယ်က ရှစ်ဆယ်အထိရယူပြီး မြန်မာအလုပ်သမားတွေကို နိုင်ငံကူးလက်မှတ် စာအုပ်အတုနဲ့ ထိုင်းကတစ်ဆင့် မလေးရှားနိုင်ငံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်နေ့က ကရင်ပြည်နယ်၊ မြ၀တီမြို့က အမှတ် (၁) မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှာ စစ်ကောင်စီ လုံခြုံရေးအဖွဲ့က နိုင်ငံကူးလက်မှတ် စာအုပ်အတုကိုင်ဆောင်ထားသူ ၁၁ ဦးကို စစ်ဆေးတွေ့ရှိခဲ့ရာကနေ အခုလို စုံစမ်းဖမ်းဆီးနိုင်တာလို့ စစ်ကောင်စီက ပြောပါတယ်။

စုံစမ်းစစ်ဆေးချက်အရ နိုင်ငံကူးလက်မှတ် စာအုပ်အတုပြုလုပ်သူတွေဟာ စာအုပ်အတု ခုနစ်ရာကျော် (၇၃၄ အုပ်) လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က နိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုပေးသူတစ်ဦးကတော့ နိုင်ငံကူးလက်မှတ်လုပ်ဖို့ ဝန်ဆောင်မှုပေးသူတချို့ဟာ အမှန်တကယ် လုပ်ပေးတာမရှိဘဲ အတုပြုလုပ်ပြီး ပြည်ပထွက်မဲ့သူတွေကို လိမ်လည်မှုရှိနေတယ်လို့ RFA ကို ပြောပါတယ်။

“နိုင်ငံကူးလက်မှတ် အတုတွေက နယ်စပ်ကသွားဖို့တစ်ဆင့် လုပ်ကြတာများတယ်။ တချို့လည်း သိသိကြီးနဲ့ အဲဒီအလုပ်ကို အပ်ကြသလို တချို့က ဘာမှမသိဘဲ အစစ်ထင်ပြီး အလုပ်အပ်လိုက်တာရှိတယ်။ သိန်းဆယ်ချီပြီးပေးရတဲ့အခါကျတော့ ပြည်ပထွက်မဲ့သူ နစ်နာမှုရှိတယ်”

စစ်ကောင်စီကတော့ ဖမ်းဆီးဖို့ကျန်နေသူတွေကိုလည်း ဆက်လက်စစ်ဆေး ဖော်ထုတ်နေတယ်လို့ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။