စစ်ကောင်စီရဲ့ ပါတီမှတ်ပုံတင် ဥပဒေသစ်ကို NLD ဝေဖန်

RFA Burmese
2023.01.27
စစ်ကောင်စီရဲ့ ပါတီမှတ်ပုံတင် ဥပဒေသစ်ကို NLD ဝေဖန် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်မှ NLD ပါတီထောက်ခံသူများ ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်များလက်မှတ်ထိုးအပြီးမှာ အောင်ပွဲခံကြစဉ်။
Photo: RFA

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီလ ၂၆ ရက်နေ့ ရက်စွဲနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်ဟာ ပါတီသစ်တွေ အလွယ်တကူ တည်ထောင်လို့ မရအောင် ကန့်သတ်ထားတဲ့ဥပဒေသာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြောဆိုလိုက်ပါတယ်။

ဒီဥပဒေနဲ့ပတ်သက်လို့ RFA က မေးမြန်းခဲ့ရာမှာ NLD ပါတီ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက အခုလိုပြောဆိုခဲ့တာပါ။

"နိုင်ငံရေးအရ အသိအမှတ်ပြုခံရဖို့ ရွေးကောက်ပွဲ လုပ်ချင်တယ်။ ပြည်သူတွေက လက်မခံနိုင်မှန်းသိတော့ ရှုံးမှာလည်းကြောက်တယ်။ ဒါကြောင့် ပါတီသစ်တွေ အလွယ်တကူ ထူထောင်ဖို့ မဖြစ်နိုင်အောင် ကန့်သတ်ချက်တွေကို သေချာတွက်ချက် ထည့်ထားတာ တွေ့ရပါတယ်။ မြင်သာအောင် ပြောရရင်တော့ မရဲဘဲ ကျွဲပဲစီးချင်နေတဲ့ သဘောပါပဲဗျ"

စစ်ကောင်စီက ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ စစ်ကောင်စီက နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုခံရအောင်နဲ့ သူတို့လိုချင်တဲ့ ရလဒ်ထွက်အောင် နည်းမျိုးစုံနဲ့ အကွက်ချ စီစဉ်ပြီး ပြည်သူတွေနဲ့ နိုင်ငံတကာကို လှည့်စားမယ့် အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ ဦးကျော်ထွေးက ပြောပါတယ်။

စစ်ကောင်စီက မနေ့က အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ နိုင်ငံတစ်ဝန်းလုံးအတိုင်းအတာ နဲ့ ပါတီအသစ် ထူထောင်ချင်တဲ့သူဟာ မြန်မာ့စီးပွားရေးဘဏ်မှာ ဘဏ်အပ်ငွေ သိန်းတစ်ထောင်ရှိရမှာဖြစ်ပြီး ပါတီထူထောင်တဲ့နေ့ကစပြီး သုံးလအတွင်းမှာ ပါတီဝင် အင်အားတစ်သိန်း စည်းရုံးနိုင်ရမယ်လို့ ပါရှိပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ လူဦးရေ တစ်သိန်းဆိုတာဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နှိုင်းယှဉ်ကြည့်ရင် လျော်ကန်သင့်မြတ်တဲ့ လူဦးရေ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"လူဦးရေ တစ်သိန်းဆိုတာသည် ဒီဥပဒေကို ထောက်ရှုကြည့်ရင် လျော်ကန်သင့်မြတ်တဲ့ လူဦးရေလို့ပဲ ကျနော် ပြောချင်ပါတယ်။ နောက်တစ်ခုက ပါတီတွေမှာ ရှိပြီးသား ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးကို ပျံ့ပျံ့နှံ့နှံ့ဝင်မယ့် ပါတီတွေကမှ တချို့ပါတီတွေမှာ ယခင်ကတည်းကတိုင်း လူဦးရေ တစ်သိန်းကျော်ဆိုတာ ရှိပြီးသားဖြစ်တယ်။ တစ်နိုင်ငံလုံးမှာ ပျံ့ပျံ့နှံ့နှံ့ဝင်မယ့် ပါတီတွေက လူဦးရေ ၄၅ သန်း၊ ၅၅ သန်းမှာမှ မဲပေးပိုင်ခွင့်ရှိတဲ့သူဆိုရင် ၃၅ သန်းပေါ့ဗျာ။ အဲဒါကိုမှ တစ်သိန်းကို မစုနိုင်ဘူးဆိုရင် သူတို့ရဲ့ စွမ်းဆောင်နိုင်မှုဆိုတာထက် သူတို့ရဲ့ တကယ် ရွေးကောက်ပွဲဝင်တဲ့အခါမှာ ခိုင်မာတောင့်တင်းတဲ့ ပါတီတွေ ဖြစ်မလားဆိုတာ သုံးသပ်ကြည့်လို့ ရနိုင်ပါတယ်"

အခု အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေဟာ နိုင်ငံရေးအရ စုစည်းညီညွတ်မှုရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြဌာန်းလိုက်တာဖြစ်ပြီး ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ နိုင်ငံကြီးတွေမှာလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထူထောင်ထားတဲ့ ပါတီဟာ နှစ်ခု၊ သုံးခုပဲ ရှိတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

လက်ရှိ ရှိနေတဲ့ နိုင်ငံရေးပါတီတွေအားလုံးဟာလည်း ဒီဥပဒေသစ်ပြဋ္ဌာန်းလိုက်တဲ့ နေ့ကစလို့ ရက်ပေါင်း ၆ဝ အတွင်း ပြန်မှတ်ပုံတင်ရမှာဖြစ်ပြီး အဲဒီလို မှတ်ပုံမတင်ရင် ပါတီအလိုအလျောက် ဖျက်သိမ်းပြီးသားဖြစ်မယ်လို့လည်း ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကတော့ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေ ဖမ်းဆီးခံထားရတာ၊ ထွက်ပြေးတိမ်းရှောင် နေရတာတွေကြောင့် စစ်ကောင်စီရဲ့ ဥပဒေသစ်အရ ပါတီဆက်လက်ရပ်တည်ခွင့် မရှိတော့ဘဲ အလိုအလျောက် ပျက်ပြယ်သွားမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။