စစ်ကောင်စီရွေးကောက်ပွဲအတွက် ပါတီ ၁၇ ခုမှတ်ပုံတင်

RFA Burmese
2023.03.08
စစ်ကောင်စီရွေးကောက်ပွဲအတွက် ပါတီ ၁၇ ခုမှတ်ပုံတင် စစ်တွေမြို့ မင်းဂံရပ်ကွက် ကော်မရှင်ရုံးတွင် မဲစာရင်း လာရောက်ကြည့်သူများအား ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်တဲ့ ပါတီ ၁၇ ပါတီရှိလာပြီလို့ မတ်လ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ စာရင်းတွေအရ ပြည်ထောင်စုအဆင့် ပါတီ ငါးခု၊ ပြည်နယ်အဆင့် ပါတီ ၁၂ ခုပါဝင်ပါတယ်။

ပါတီမှတ်ပုံတင်ထားတဲ့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါ်သန်းသန်းနုကတော့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။

"အရင်ကတော့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဆိုပြီး ပြည်ထောင်စုတစ်ဝန်းလုံးအနေနဲ့ ဝင်ခဲ့တယ်။ အခုတော့ ရန်ကုန်တိုင်း တစ်တိုင်းအတွက်ပဲ ဒီမိုကရက်တစ်ပါတီ အမည်နဲ့ ပါတီမှတ်ပုံတင်တာပါ။ အခု နိုင်ငံရေးအကျပ်အတည်းတွေကနေ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်သွားချင်လို့ ပါတီမှတ်ပုံတင်လျှောက်ထားပြီး ရွေးကောက်ပွဲ ဝင်တာပါ"

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၊ နှင်းဆီပါတီကနေ နာမည်ပြောင်းထားတဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ကျားဖြူပါတီကနေ နာမည်ပြောင်းထားတဲ့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနဲ့ ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီတို့က ပြည်ထောင်စုအဆင့်ပါတီတွေအဖြစ် မှတ်ပုံတင်လျှောက်ထားပါတယ်။

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့အင်အားပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO)၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)၊ ဖက်ဒရယ်ဒီမို ကရက်တစ်ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)၊ ဝံသာနုပါတီ၊ ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်အင်အားစုလေဘာ ပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်) (NDP KACHIN)၊ အမျိုးသားဒီမိုကရေစီ ပါတီသစ် (NEW NATIONAL DEMOCRACY PARTY) တို့ကတော့ ပြည်နယ်အဆင့် ပါတီတွေဖြစ်ပါတယ်။

ဇန်နဝါရီ ၂၆ ရက်မှာ စစ်ကောင်စီ အသစ်ပြဌာန်းထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီအားလုံး နှစ်လအတွင်း ပြန်လျှောက်ထားရမှာဖြစ်ပြီး မလျှောက်ထားရင် ပါတီအဖြစ်က ပယ်ဖျက်မယ်လို့ ဆိုထားတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။