ပြည်သူတွေမလွတ်လပ်ဘဲ ရွေးကောက်ပွဲလုပ်ရင် မတည်ငြိမ်မှုတွေ ပိုဆိုးနိုင်တယ်လို့ ကုလပြော
2023.02.01

ပြည်သူတွေ နိုင်ငံရေးအခွင့်အရေးကို လွတ်လွတ်လပ်လပ်ကျင့်သုံးနိုင်တဲ့ အခြေအနေမရှိရင် ရွေးကောက်ပွဲဟာ မတည်ငြိမ်မှုတွေကို ပိုဆိုးရွားစေနိုင်တယ်လို့ အာဏာသိမ်းမှု နှစ်နှစ်ပြည့်အတွက် ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ stephane Dujarric က ဇန်ဝါရီလ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမယ့် ရည်ရွယ်ချက်အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က စိုးရိမ်ပူပန်နေတယ်လို့လည်း ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သတင်းထောက်တွေကို ဖမ်းဆီးတာ၊ လေကြောင်း တိုက်ခိုက်မှု၊ အရပ်သားနေအိမ်တွေကို မီးရှို့မှုတွေ ဖြစ်နေတဲ့ကြားက ရွေးကောက်ပွဲကျင်းပဖို့ ပြင်နေတာကြောင့် စစ်ကောင်စီရဲ့ ရည်ရွယ်ချက်အပေါ်မှာ အထွေထွေအတွင်းရေးမှူးချုပ်က စိုးရိမ်နေတာလို့ ဆိုပါတယ်။
မြန်မာပြည်သူတွေရဲ့ ဆန္ဒ၊ လိုအပ်ချက်နဲ့ ဒီမိုကရေစီစံနှုန်းတွေကို လေးစားလိုက်နာ သင့်ကြောင်း စစ်ခေါင်းဆောင်ပိုင်းတွေကို တိုက်တွန်းပေးဖို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က နှိုးဆော်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂအနေနဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီကစပြီး စစ်ကောင်စီတပ်ရဲ့ လုပ်ဆောင်ချက် တွေကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်နစ်နာမှုတွေကို ဖြေရှင်းဖို့ ကတိပြုတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဟာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် အသစ်နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအဆုံးသတ် ဖို့နဲ့ ဒီမိုကရေစီနိုင်ငံတော်ဆီ ပြန်လည်ရောက်ရှိအောင် ပံ့ပိုးကူညီမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။