ရွေးကောက်ပွဲကော်မရှင်ကို အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းဖို့ လွှတ်တော်အတည်ပြု

နေပြည်တော်မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ လွှတ်တော်မှာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် အရေ အတွက်ကို တည်ပြုခဲ့ပြီး၊ တရားသူကြီးအဖွဲ့ ဖွဲ့စည်းဖို့ အဖွဲ့ဝင် အရေအတွက်ကိုလည်း သမတ ဦးသိန်းစိန်က တင်သွင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။

2011.02.15
parliament_2011_meeting_305_z.png နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)
(Photo: AFP/MRTV 4)

မနေ့က တင်သွင်းခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ၇ ဦးနဲ့ ဖွဲ့စည်းဖို့အတည်ပြု လိုက်ပြီး၊ အမည်တွေကိုတော့ သတ်မှတ်ဖော်ပြခြင်း မရှိကြောင်း လွှတ်တော်တက်နေတဲ့ NDF လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက အခုလို ပြောပြပါတယ်.

“ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပတ်သက်ပြီးတော့ နာမယ်စာရင်း မထွက်ပါဘူး။ နာမယ်စာရင်း မထည့်ပေးပါဘူး။ လူဦးရေ စာရင်းပဲ၊ ဥပမာအားဖြင့် အဖွဲ့ဝင် ၇ ဦး၊ ၇ ဦးမှာ ဥက္ကဋ္ဌ တယောက်၊ အဖွဲ့ဝင် ၆ ယောက်ပေါ့ဗျာ။ အတွင်းရေးမှူးကတော့ သီးသန့် ခန့်မှာပါ။”

ဒါ့အပြင် ဒီကနေ့ လွှတ်တော်မှာ ပြည်ထောင်စု တရားသူကြီးအဖွဲ့နဲ့ ပတ်သက်ပြီး အဖွဲ့ဝင် ၇ ဦး ထားရှိဖို့ အဆိုတင်သွင်းကြောင်း သိရပါတယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းကပဲ ပြောပြပါတယ်။

“တကယ်ဆိုတော့ တရားသူကြီး အဖွဲ့က သူက ဥပဒေမှာ ထားနိုင်တာက ၇ ယောက်၊ အနည်းဆုံး ၇ ယောက် အများဆုံး ၁၂ ယောက် ထားနိုင်တယ်။ ၇ ယောက် ကျွန်တော်တို့ အဆိုပြုထားတယ်၊ အဲဒါတခုပါပဲ။ အဲဒါကိုလည်း မနက်ဖြန်ကျမှ ကျွန်တော်တို့ အတည်ပြုမှာပါ။”

တရားသူကြီးအဖွဲ့မှာ ၇ ဦး ထားရှိဖို့ ဒီကနေ့ အဆိုတင်သွင်းထားပြီး မနက်ဖြန်မှာ ဆွေးနွေး အတည်ပြုမှာ ဖြစ်ကြောင်း သိရပါတယ်။

ဒီကနေ့ လွှတ်တော် အစည်းအဝေးကို မနက် ၁၀ နာရီမှာ စတင်ခဲ့ပြီး ကျင်းပချိန် ၁၀ မိနစ်သာ ရှိခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။