ဒုဗိုလ်ချုပ်ကြီးဟောင်း တင်အေးကို ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် အတည်ပြု
2011.02.18

ဦးတင်အေးဟာ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်အဖြစ်ကနေ ရုတ်တရက် နုတ်ထွက်သွားပြီး နောက်ရက်မှာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် သမတ ဦးသိန်းစိန်က အဆိုတင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် သမတအဖြစ် ရွေးကောက် တင်မြှောက်ခံထားရတဲ့ ဦးသိန်းစိန်က နိုင်ငံတော် ရှေ့နေချုပ် အဖြစ် ဒေါက်တာထွန်းရှင်ကို အမည်စာရင်း တင်သွင်းခဲ့တယ်လို့ လွှတ်တော်တက်နေတဲ့ NDF ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက ပြောပါတယ်။
ရှေ့နေချုပ်အဖြစ် အမည်စာရင်း တင်သွင်းခံရတဲ့ ဒေါက်တာထွန်းရှင်ဟာ လက်ရှိ ဒုတိယ ရှေ့နေချုပ် တာဝန် ထမ်းဆောင်နေသူ ဖြစ်ကြောင်း သိရပါတယ်။
လွှတ်တော်ကို လာမဲ့ တနင်္လာနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက် ၁၁ နာရီမှာ ပြန်လည် ခေါ်ယူထားကြောင်း သိရပါတယ်။
ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ခန့်လိုက်တဲ့အတွက် ဘက်လိုက်မှု ရှိနိုင်တယ်ဆိုပြီး NDF အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ အမတ်တဦးက ကန့်ကွက်ဖို့ ကြိုးစားခဲ့ပေမဲ့ လွှတ်တော် ကြိုးနီစနစ်ကြောင့် အချိန်မီ မတင်ပြနိုင်ခဲ့ဘူးလို့ စုံစမ်းသိရပါတယ်။
ဒါ့အပြင် ဦးတင်အေးကို ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ခန့်တဲ့ကိစ္စ ကန့်ကွက်ဖို့ အဆိုတင်သွင်းတဲ့နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး မြန်မြန်ဆန်ဆန် ကန့်ကွက်ရမယ်လို့ ပြဌာန်းထားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီကနေ့ ရှေ့နေချုပ်ရာထူး အဆိုတင်သွင်းတဲ့ ဦးထွန်းရှင်ကို ကန့်ကွက်ချင်တယ်ဆိုရင်တော့ နောက်ရက် စနေနေ့ညနေပိုင်းထိ ကန့်ကွက်နိုင်တယ်လို့ ပြည်ထောင်စု လွှတ်တော်က သတ်မှတ်ထားကြောင်း ဒီကနေ့ ပြည်ထောင်စုလွှတ်တော် တက်ရောက်တဲ့ အမတ်တဦးက ပြောပါတယ်။
ဒီအကြောင်းတွေကို ဦးစိန်ကျော်လှိုင်က စုစည်း တင်ပြထားပါတယ်။
![]() |
စုစည်းတင်ပြချက် |
![]() |
အသံဖိုင်ယူရန် |