ဒုတိယအကြိမ်လွှတ်တော် တစ်နှစ်ပြည့်အခမ်းအနား ကျင်းပ
2017.02.01

ပြည်သူတွေအကျိုးကို အကောင်အထည်ဖော်နိုင်မယ့် ဥပဒေတွေပြဌာန်းနိုင်ရေး အလေးထားဆောင်ရွက်နေတယ် လို့ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း က ပြောပါတယ်။
နေပြည်တော် လွှတ်တော်ဝင်း ဇမ္ဗူသီရိခန်းမမှာ ဒီကနေ့ကျင်းပတဲ့ ဒုတိယအကြိမ်လွှတ်တော် တစ်နှစ်ပြည့် အခမ်းအနားမှာ ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း က ပြောခဲ့တာ ဖြစ်ပါတယ်။
လွှတ်တော်ဟာ ဥပဒေပြုရေးအပြင် နိုင်ငံအကျိုးနဲ့ ဒေသအကျိုးအတွက် လွှတ်တော်မှာ အဆိုတွေ မေးခွန်းတွေ တင်ပြနေသလို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေကိုလည်း ထိန်းညှိဆောင်ရွက်နေတယ်လို့ မန်းဝင်းခိုင်သန်း က ပြောပါတယ်။
လွှတ်တော်တစ်နှစ်ပြည့် အခမ်းအနားကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ် လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဒီနေ့ မတက်ရောက်ခဲ့ပါဘူး။
အခမ်းအနားကို ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် ပြည်ထောင်စု အဆင့် ဝန်ကြီးတွေ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြ ပါတယ်။