အတိုက်အခံကို ရန်သူလို သဘောမထားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော


2018.02.01
dassk-speech-parliament-622 ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ လွှတ်တော်သက်တမ်း ၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်
Photo: Win Ko Ko Latt/RFA

အတိုက်အခံတွေကို ရန်သူလို သဘောထားတာဟာ ဒီမိုကရေစီစိတ်ဓာတ် မဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

နေပြည်တော်က လွှတ်တော်အဆောက်အအုံမှာ ဒီကနေ့ ကျင်းပတဲ့ ဒုတိယအကြိမ်၊ လွှတ်တော်သက်တမ်း ၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ အတိုက်အခံတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောတာဖြစ်ပါတယ်။

"အတိုက်အခံမို့လို့ ရန်သူဆိုပြီးတော့ ဒီလိုသဘောမထားသင့်ဘူး၊ အတိုက်အခံများသည် ရန်သူဆိုတာ ဒီမိုကရေစီစိတ်ဓါတ် မဟုတ်ဘူး၊ ဒီမိုကရေစီစိတ်ဓါတ်ဆိုတာ မတူကွဲပြားမှုကိုလက်ခံလို့ ပြောရမယ်ဆိုရင် အတိုက်အခံဆိုတဲ့ စကားလုံးကိုသုံးတာ အတိုက်အခံပါတီပေါ့နော်၊ ကိုယ်နဲ့မတူတဲ့ပါတီတွေ အစုအဖွဲ့တွေနဲ့ ရန်သူဖြစ်ဖို့မလိုပါဘူး"

ဒါ့အပြင် ကိုယ်နဲ့မတူတဲ့ အစုအဖွဲ့တွေ၊ ပါတီတွေကို အမြင်ချင်းမတူပေမယ့် စုစည်းနိုင်ရတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မတူကွဲပြားမှုကိုအခြေခံတဲ့ ညီညွတ်မှုကို ထူထောင်နိုင်တယ်ဆိုတာ စစ်မှန်တဲ့ဒီမိုကရေစီဖြစ်တယ်လို့လည်း ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အခမ်းအနားအပြီးမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ အပါအဝင် လွှတ်တော် ကိုယ်စားလှယ်တွေကို လိုက်လံနှုတ်ဆက်ခဲ့ပါတယ်။

အခမ်းအနားအတွက် နေရာချထားရာမှာ NLD ပါတီကိုယ်စားလှယ်၊ ပြည်ထောင်စု  ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်၊ တပ်မတော်သား  ကိုယ်စားလှယ်ဆိုပြီး ခွဲပြီးနေရာချထားတာထက် အတူတကွ နေရာချထားပေး ဖို့လည်း  ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခု ဖေဖော်ဝါရီလ ၁ ရက်က ဒုတိယအကြိမ်၊ လွှတ်တော်တွေ ၁ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို မတက်ရောက်ခဲ့ပေမယ့် ဒီနှစ်မှသာ ပထမဆုံးအကြိမ် တက်ရောက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။