ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ဘတ်ဂျတ် ၄ ဘီလီယံကျော်ကို တိုင်းလွှတ်တော် ဖြတ်တောက်


2017.03.31
ygn-parliament-620.jpg ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ၂၀၁၇ ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေကြမ်းမှာပါတဲ့ လူကူးခုံးကျော် တံတားတွေ၊ အစိုးရရဲ့ e-Government လုပ်ငန်းနဲ့ ရန်ကုန်မြို့တော်ဂေါက်ကွင်း ပြင်ဆင်ဖို့ စတာတွေရဲ့ အသုံးစရိတ်တွေမှာ ပိုနေတဲ့ ငွေကျပ် ၄ ဘီလီယံကျော်ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ က ဖြတ်တောက်ခဲ့ပါတယ်။

လူကူးခုံးကျော်တံတား ၆ စင်းမှာ တစ်စင်းအတွက် အစက ငွေကျပ်သန်း ၁၀၀၀ လျာထားတာကို သန်း ၅၀၀ စီလျှော့ချနိုင်ခဲ့ပြီး စတုဂံလူကူးခုံးကျော်တံတားအတွက် ငွေကျပ်သန်း ၇၀၀ လျှော့ချနိုင်ခဲ့ကာ စုစုပေါင်း ငွေကျပ်သန်း ၄၂၅၀  ပိုထွက်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မင်္ဂလာတောင်ညွန့် မြို့နယ် လွှတ်တော်ကိုယ်စား လှယ် ဦးရန်အောင် က ပြောပါတယ်။

"မူလလျာထားတာက တံတား ၆ စင်းကို သန်း ၆၀၀၀ ကျွန်တော်တို့ ဝိုင်းဝန်းပြီးတော့ အကြံပြုတိုက်တွန်း လိုက်တဲ့အခါကျတော့ တစ်စင်းကို သန်း ၅၀၀ စီပြန်လျှော့ချလိုက်တယ်၊ သန်း ၃၀၀၀ ပိုပြီးထွက်လာတယ်၊ စတုဂံ တံတားတစ်စင်းကို မူလလျာထားငွေက သန်း ၁၇၀၀ လျာထားတယ်၊ ပြင်ဆင်သတ်မှတ်လိုက်တာ က သန်း ၁၀၀၀ လို့ သတ်မှတ်လိုက်တဲ့အတွက်ကြောင့်မို့လို့ ပိုထွက်လာတဲ့ငွေက သန်း ၇၀၀ ရှိပါတယ်၊ e-Government အတွက်၊ ဂေါက်ကွင်းကိစ္စပေါ့၊ အားလုံးပေါင်း သန်း ၄၂၅၀ ပိုထွက်လာတယ်ပေါ့။"

ဒါ့အပြင် အစိုးရရဲ့ e-Government လုပ်ငန်းအတွက် ငွေကျပ်သန်း ၁၀၀၀ လျာထားတာကို သန်း ၆၀၀ အဖြစ် ပြင်ဆင်ကာ သန်း ၄၀၀ လျှော့ချနိုင်ခဲ့သလို ရန်ကုန်မြို့တော်ဂေါက်ကွင်း ပြင်ဆင်ဖို့အတွက် ငွေကျပ်သန်း ၅၅၀ လျာထားတာကို သန်း ၄၀၀ အဖြစ် ပြင်ဆင်ကာ သန်း ၁၅၀ လျှော့ချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၇ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေအရသုံးဆိုင်ရာဥပဒေကြမ်းကို ရန်ကုန်တိုင်းလွှတ်တော်မှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က တင်သွင်းခဲ့ရာမှာ အသုံးစရိတ်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးက ကန့်ကွက်ပြီး ထောက်ပြဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး မနေ့က လွှတ်တော်မှာ အတည်ပြုခဲ့တာကြောင့် အရင်က ဥပဒေကြမ်းမှာ အသုံးစရိတ် စုစုပေါင်း ငွေကျပ်သန်း ၉၂၅၀ ရှိရာကနေ သန်း ၅၀၀၀ အဖြစ် ပြင်ဆင်သတ်မှတ်ကာ ငွေကျပ်သန်း ၄၂၅၀ လျှော့ချနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပိုထွက်လာတဲ့ငွေတွေကို ဌာနဆိုင်ရာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ မှာ အသုံးပြုသွားမယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။