ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ် ကျပ်ဘီလီယံ ၃၂ဝဝ ကျော် တောင်းခံ


2018.07.25
army-622.jpg တပ်မတော်နေ့မှာ စစ်ရေးပြနေတဲ့ တပ်မတော်သားတွေကို တွေ့ရစဉ်
Photo: RFA

ကာကွယ်ရေးဝန်ကြီးဌာနက ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွက် စစ်ဆင်ရေး အသုံးစရိတ် ၅ ဘီလီယံ ကျော် အပါအဝင် အသုံးစရိတ် ကျပ်ဘီလီယံ ၃၂ဝဝ ကျော်ကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တောင်းခံလိုက်ပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွက် အစိုးရအသုံးစရိတ် ကျပ်ဘီလီယံ နှစ်သောင်းခွဲနီးပါး တောင်းခံထားတဲ့အပေါ် ဝန်ကြီးဌာန ၁၈ ခုက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းတင်ပြခဲ့ပါတယ်။

အဲဒီ အသုံးစရိတ်တွေထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနက ကျပ်ဘီလီယံ ၃၂ဝဝ ကျော်နဲ့ တတိယအများဆုံး တောင်းခံထားတဲ့ဌာန ဖြစ်ပါတယ်။ ၂ဝ၁၆ -၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် ကျပ်ဘီလီယံ ၂၉ဝဝ ကျော်၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်မှာ ဘီလီယံ ၃၁ဝဝ ကျော် တောင်းခံခဲ့ပြီး၊ အခု ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်မှာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်ထက် ၅၇ ဘီလီယံကျော် ပိုမို တောင်းခံထားတာဖြစ်ပါတယ်။ အဲဒီလိုတောင်းခံရာမှာ စစ်ဆင်ရေး အသုံးစားရိတ်အတွက် ၅ ဘီလီယံကျော် အသုံးပြုဖို့ တင်ပြခဲ့တာပါ။

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွက် တောင်းခံထားတဲ့ ကျပ်ဘီလီယံ ၂ သောင်းခွဲနီးပါးထဲမှာ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နဲ့ လူမှုကာကွယ် စောင့်ရှောက်ရေးတို့အတွက် ဦးစားပေး လျာထားတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းက ဇူလိုင် ၂၃ရက်နေ့က လွှတ်တော်ထံ တင်ပြစဉ်မှာ ပြောကြားခဲ့ပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ကျပ်ဘီလီယံ ၅၇ဝဝ ကျော်နဲ့ အများဆုံး တောင်းခံထားပါတယ်။ ဒုတိယ အများဆုံးက လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဖြစ်ပြီး ကျပ်ဘီလီယံ ၅၅ဝဝ ကျော် တောင်းခံထားပါတယ်။

အစိုးရအသုံးစရိတ် ကျပ်ဘီလီယံ ၂၅ဝဝဝ နီးပါး တောင်းခံထားတာဖြစ်ပေမယ့် စုစုပေါင်းရငွေ ကျပ်ဘီလီယံ နှစ်သောင်းကျော်သာ ရှိတာကြောင့် လိုငွေ ကျပ်ဘီလီယံ ငါးထောင်နီးပါး ရှိနေပါတယ်။

လိုငွေ ကျပ်ဘီလီယံ ၅ဝဝဝ နီးပါးကို ပြည်တွင်းပြည်ပချေးငွေနဲ့ ဗဟိုဘဏ်က ဖြည့်ဆည်းပေးသွားမယ်လို့ သိရပါတယ်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေတွေနဲ့ ပတ်သက်ပြီး မနက်ဖြန်မှာ ကျန်တဲ့ဝန်ကြီးဌာနတွေက ထပ်ပြီး တင်ပြမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။