သမ္မတဟောင်း လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း ပြည်သူ့လွှတ်တော် အတည်ပြု


2015.12.31
pyithu-hluttaw-620.jpg ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
Photo: RFA

နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းမှာ နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သူကို တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဥပဒေအရဆောင်ရွက်ခဲ့တာတွေ ကို နောက်ကြောင်းပြန် တရားစွဲဆိုခွင့်မရှိစေရဆိုတဲ့ ပုဒ်မကိုပယ်ဖျက်ပေးဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂ ဦးက ဒီနေ့ တင်ပြဆွေးနွေးတာကို ပယ်ချပြီး ပြည်သူ့လွှတ်တော်က မူလအတိုင်း အတည်ပြုလိုက်ပါတယ်။

အဲ့ဒီပုဒ်မကို ပယ်ဖျက်ဖို့ တင်သွင်းတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြစ်မှုကျူးလွန်သူ ဘယ်သူ့ကိုမဆို သက်ဆိုင်ရာဥပဒေအရ စီရင်ရမယ်လို့ ပြဌာန်းထားတဲ့အတွက် ဘယ်သူ့ကိုမှ အကာအကွယ်မပေးသင့်ဘူးလို့ ဆွေးနွေးခဲ့ပါတယ်။

"တင်ပြထားတဲ့အကြောင်းအရာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇၃ မှာ ပြစ်မှုကျူးလွန်သူ မည်သူကို မဆို ယင်းပြစ်မှုကျူးလွန်သည့်အချိန်က အတည်ဖြစ်လျှက်ရှိသော သက်ဆိုင်ရာဥပဒေအရသာ ပြစ်မှုထင်ရှားက စီရင်ရမည်ဟု ပြဌာန်းထားပါတယ်၊ ဒါဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ရင် မည်သူ့ကိုမှ အကာအကွယ်မပေးပါဘူး"

အဲ့ဒီပုဒ်မကို ပယ်ဖျက်ပေးဖို့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကလည်း တင်ပြဆွေးနွေး ခဲ့ပေမယ့် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့က အဲ့ဒီပုဒ်မကို ပယ်ဖျက်ဖို့ မသင့်ကြောင်း ပြန် လည်ဆွေးနွေးပြီး မူလအတိုင်း အတည်ပြုလိုက်တာဖြစ်ပါတယ်။

အဲ့ဒီဥပဒေကြမ်းအရ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးကို ပြည်ထဲရေးဝန်ကြီးဌာနက ဆောင် ရွက်ပေးရမှာဖြစ်ပြီး ဘတ်ဂျက်ကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနက ကျခံရမှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။