နောက်ထပ် ဝန်ကြီးချုပ် ၆ ဦး လွှတ်တော်များ အတည်ပြု
2016.03.29

မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ကယား၊ ချင်း၊ မွန် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေက တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ် ၆ဦးကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။
မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာဇော်မြင့်မောင်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာ မြင့်နိုင်၊ မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာ အောင်မိုးညို ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးဆလိုင်း လျှန်လွယ်၊ မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးမင်းမင်းဦးနဲ့ ကယားပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးအယ်လ်ဖောင်းရှို တို့ ဖြစ်ပါတယ်။

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အသက် ၃၇နှစ်သာ ရှိပြီး တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေထဲမှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတအသစ် ဦးထင်ကျော် အဆိုပြုတဲ့ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ် ၁၄ဦးထဲမှာ ရန်ကုန်၊ တနင်္သာရီ၊ ဧရာဝတီ၊ ပဲခူး၊ ရှမ်း၊ ကရင် စတဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ် ၆ဦးကို မနေ့က အတည်ပြုခဲ့ပါတယ်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် မြစ်ကြီးနားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခက်အောင်နဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဦးညီပုကို မနက်ဖြန် လွှတ်တော်အစည်းအဝေးတွေမှာ အတည်ပြုမှာဖြစ်ပါတယ်။
အစိုးရသစ်လက်ထက်မှာ တာဝန်ထမ်းဆောင်ကြမယ့် တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်အသစ်တွေထဲမှာ အမျိုးသမီးဝန်ကြီးချုပ် ၂ဦး ပါဝင်ပါတယ်။
အတည်ပြုခံရတဲ့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တချို့ဟာ လာမယ့် မတ်လ ၃၁ရက်နေ့မှာ သက်ဆိုင်ရာလွှတ်တော် ဥက္ကဌ အသီးသီးရှေ့မှောက်မှာ ကတိသစ္စာပြုမှာဖြစ်သလို တချို့က ဧပြီ ၁ရက်နေ့မှာ ကတိသစ္စာပြုမှာ ဖြစ်ပါတယ်။