ပင်လုံညီလာခံ သဘောတူညီချက် စာချုပ်ကို ပြည်ထောင်စုလွှတ်တော် အတည်ပြု

သီဟထွန်း
2020.08.26
21panglong-sign-622.jpg ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း က ၂၁ ရာစု ပင်လုံညီလာခံ သဘောတူညီချက်စာချုပ်ကို ၂၀၂၀ သြဂုတ် ၂၁ ရက်နေ့က လက်မှတ်ရေးထိုးစဉ်
ဓာတ်ပုံ - သက်စုအောင်/ RFA

၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထ အစည်းအဝေးမှာ သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း (၃) စာချုပ်ကို ဒီနေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။

နိုင်ငံတော်သမ္မတက ပေးပို့တဲ့ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း (၃) စာချုပ်ကို အတည်ပြုပေးဖို့ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စု လွှတ်တော်မှာ တင်ပြခဲ့ပြီး ကန့်ကွက်သူမရှိတဲ့အတွက် အတည်ပြုနိုင်ခဲ့ပါတယ်။

ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း (၃) စာချုပ်ထဲမှာ အပိုင်း (၁) က NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက်၊ အပိုင်း (၂) မှာ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်တွေနဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှု ဇယား ၁ ၊ အပိုင်း (၃) မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ ငါးချက်တို့ ပါဝင်ပါတယ်။   

သြဂုတ်လ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်အစုအဖွဲ့၊ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီအစုအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ အသိသက်သေတွေက စာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

NLD အစိုးရလက်ထက်မှာ ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေး လေးကြိမ်အတွင်း ဒုတိယနဲ့ တတိယအကြိမ် ညီလာခံတွေမှာ သဘောတူညီချက် ၅၁ ချက် ရရှိခဲ့ပြီး အဲဒီအချက်တွေကို ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုနိုင်ခဲ့ပေမယ့် ဥပဒေကြောင်းအရ လက်တွေ့ အကောင်အထည်ဖော်နိုင်တာ မရှိတဲ့အတွက် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဒီလိုအားနည်းချက်တွေကို ဖြေရှင်းဖို့ စတုတ္ထအကြိမ် ပင်လုံက သဘောတူခဲ့တဲ့ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း (၃) စာချုပ်ထဲမှာ အရင် ညီလာခံတွေက ရရှိထားတဲ့ သဘောတူညီချက် ၅၁ ချက်ကို အကောင်အထည်ဖော်ဖို့ အဆင့်လိုက် လုပ်ငန်းစဉ်တွေကို ထည့်သွင်းထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း "၂၀၂၀ အလွန် ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အစီအစဉ်သစ်" ကို အစိုးရက ရေးဆွဲထားပြီး အဲဒီလမ်းပြမြေပုံအရ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း (၃) ကို  ထိရောက်အောင် အကောင်အထည်ဖော်ဖို့နဲ့ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်လာဖို့ လမ်းဖွင့်ပေးနိုင်မယ်လို့ ပင်လုံအစည်းအဝေး နောက်ဆုံးနေ့မှာ ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။