၂၁ ပင်လုံမှာ ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း (၃) ချုပ်ဆိုနိုင်ခဲ့

သီဟထွန်း၊ သက်စုအောင်
2020.08.21

၂၁ ရာစုပင်လုံညီလာခံ ဒီနေ့ တတိယနေ့မြောက်နေ့မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် နိုင်ငံတည်ဆောက်ရေးအတွက် လမ်းညွှန်ချက်တွေပါဝင်တဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို အတည်ပြု လက်မှတ်ရေးထိုးလိုက်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ "၂၀၂၀ အလွန် ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အစီအစဉ်သစ်" ကို အစိုးရက ချမှတ်ထားတယ်လို့လည်း ညီလာခံမှာ ထုတ်ဖော်ကြေညာခဲ့ပါတယ်။

ဒီနေ့ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှာ နောက်ဆုံးအကြိမ် ကျင်းပတာဖြစ်တဲ့ ၂၁ ရာစုပင်လုံညီလာခံ အစည်းအဝေး တတိယမြောက်နေ့ ဖြစ်ပါတယ်။ အစိုးရ၊ တပ်မတော်နဲ့ NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေ၊ နိုငံရေးပါတီတွေက ကိုယ်စားလှယ်တွေက ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း (၃) စာချုပ် ကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

ဒီစာချုပ်ထဲမှာ အနာဂတ်မှာ ဘယ်လို ဒီမိုကရေစီ စနစ်မျိုး၊ ဘယ်လို ဖက်ဒရယ်စနစ်မျိုးကို တည်ဆောက်မလဲဆိုတဲ့ အခြေခံမူ လမ်းညွှန်ချက်တွေ ပါဝင်ပြီး နောက်ပိုင်းမှာ တိုင်းပြည်တာဝန်ယူရမယ့် အစိုးရအဆက်ဆက်က ဒီအခြေခံမူတွေအပေါ်မှာ မူတည်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို ဆက်လက် တည်ဆောက်သွားနိုင်မယ်လို့ ပြောကြပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၀ လွန်ကာလမှာ ဆက်လက် ဆောင်ရွက်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အစီအစဉ်သစ်ကို ထုတ်ဖော်ပြောကြားပါတယ်။

"ဒီနေ့ ညီလာခံကြီးမှာ ပထမဆုံး ကျမအနေနဲ့ ပထမဦးဆုံး အသိပေး ပြောကြားလိုတာကတော့ ၂၀၂၀ အလွန် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အစီအစဉ်သစ်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ်ကျော်ကာလအတွင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးမှု၊ နိုင်ငံရေးဆွေးနွေးမှု၊ အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေးစတဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ အတွေ့အကြုံတွေ အများကြီးရရှိခဲ့သလို အားသာချက်တွေ၊ အားနည်းချက်တွေကိုလည်း သိရှိလာခဲ့ကြပြီဖြစ်ပါတယ်။ ၂၀၂၀ အလွန်မှာ ရှေ့ဆက်ရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သုံးရပ်ကို ညီလာခံဖွင့်ပွဲအခမ်းအနားမှာ ထုတ်ဖော်ကြေညာခဲ့ပြီးဖြစ်ပါတယ်။"

အဲဒီအစီအစဉ်သစ်အရ ဒီကနေ့ ချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း (၃) ကို ထိရောက်အောင် အကောင်အထည်ဖော်ဖို့ အပါအဝင် NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်လာဖို့ လမ်းဖွင့်ပေးနိုင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြိမ်းချမ်းရေးရဖို့ဆိုရင် အရင်ဆုံး သေနတ်သံ တိတ်ဖို့လိုတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

"ပထမဦးဆုံးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို  ဆောင်ရွက်တဲ့အခါမှာ ပထမဦးဆုံး သေနတ်သံ တိတ်ဖို့လိုတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပဲ ဦးတည်ပြီးတော့ ဆောင်ရွက်ကြပါလို့ ကျနော်တို့က ပြောခြင်းဖြစ်တယ်။ နံပါတ် (၁) ကတော့ NCA မှာ လက်မှတ်ရေးထိုးဖို့လိုတယ်၊ နံပါတ် (၂) ကတော့ NCA မှာ လက်မှတ်ရေးထိုးပြီး အဆင့်ဆင့်တိုးတက်ပြီး သေနတ်သံတိတ်သွားဖို့လိုတယ်။ သေနတ်ကိုင်စွဲပြီး သေနတ်သံမတိတ်ဘဲနဲ့ ဆွေးနွေးနေတဲ့ ဆွေးနွေးချက်မှန်သမျှသည် တပ်မတော်ရဲ့ ယုံကြည်ချက်က သေနတ်သံမတိတ်ဘဲနဲ့ ဆွေးနွေးနေတဲ့ ဆွေးနွေးချက်မှန်သမျှသည် ပြဿနာပေါ်ပေါက်လာနိုင်တယ်လို့ ကျနော်တို့ ဒါမြင်တဲ့အတွက် ဒါကိုပြောခြင်းဖြစ်တယ်။"

မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ဟံသာက နှစ်ပေါင်း ၇၀ ကျော်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေကို စစ်ရေးနဲ့ ဖြေရှင်းမှု မအောင်မြင်တာကို အဖြေရှာဖို့ ပြောပါတယ်။

"တရားသေကိုင်ထားရင် ဘယ်လိုမှ မတိုးတက်နိုင်ဘူးလေ။ ကျနော်တို့နိုင်ငံက လက်နက်ကိုင် ပဋိပက္ခဖြစ်နေတာ နှစ်ပေါင်း ၇၀ ကျော်ပြီ။ ဖြေရှင်းလို့ မပြီးနိုင်ဘူးဗျာ။ ဒီအတိုင်း တရားသေကိုင်ထားရင် အယူအဆတွေနော် နောက်ထပ် စစ်ရေးနဲ့ပဲ ဖြေရှင်းနေရင် ဘယ်လိုမှမပြီးနိုင်ဘူး။ နောက်ဆုံး ကျနော်တို့နိုင်ငံ ပျက်သွားနိုင်တယ်။ ဒါကြောင့် နည်းနာတော့ ပြောင်းရမှာပေါ့ဗျာ၊ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ပြောင်းတာတော့အကောင်းဆုံးပဲလေ။"

ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း (၃) စာချုပ်ထဲမှာ အပိုင်း (၁) NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်ကို ခိုင်မာအောင်ပြုလုပ်ကိစ္စ၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်တွေနဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှု ဇယား (၁)၊ အပိုင်း (၃) မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ ဆိုပြီးဖြစ်ပါတယ်။

ပြည်နယ်ဖွဲ့စည်းပုံနဲ့ ပြည်နယ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပ‌ဒေလို့ဆိုတဲ့ စကားရပ် အသုံးအနှုန်းအပိုင်းမှာတော့ နှစ်ဘက်သဘောတူညီမှု မရခဲ့တဲ့အတွက် ချန်ထားခဲ့ရပါတယ်။

ဒါပေမဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်ကြားမှာ ဘဏ္ဍာရေးနဲ့ သယံဇာတ ပိုင်းဆိုင်ရာ၊ အခွန်အခကောက်မယ့်အပိုင်း စတဲ့ အာဏာခွဲဝေမှု အခြေခံမူကို ရခဲ့တာက ကျေနပ်စရာရှိပြီး  အသေးစိတ်ကိုတော့ ဆက်လက်ဆွေးနွေးရဦးမှာဖြစ်တယ်လို့ RCSS/ SSA အဖွဲ့က ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံက ဒီစာချုပ်ဟာ အရင် နှစ်ကြိမ်က ရရှိခဲ့တဲ့ သဘောတူညီချက်တွေထက် ပိုမိုထူးခြားလေးနက်ပြီး အနှစ်သာရရှိတဲ့စာချုပ်ဖြစ်တယ်၊ ခွဲမထွက်ရေးကိစ္စတွေကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်လို့ စည်းလုံးညီညွတ်တဲ့ တစ်ခုတည်းသော ပြည်ထောင်စု တည်ဆောက်နိုင်ရေး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူများနေတဲ့ ဒီလိုအချိန်မှာ AA အဖွဲ့ အနေနဲ့ ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေ မလုပ်ဖို့ ညီလာခံအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

"ရခိုင်တစ်ပြည်နယ်လုံးမှာ အားလုံးပေါင်း ကျနော်တို့ ကိုဗစ် ၁၉ ပေါ့စတစ်က ၃၅  ယောက်ရှိနေပြီ။ ဒါကိုတော့ ပြည်နယ်မှာရှိတဲ့ ဒီတိုင်းရင်းသားတွေ ပြည်သူတွေ အကျိုးအတွက်ပေါ့နော်။ ဒီချိန်ကာလမှာ အကြမ်းဖက်တိုက်ခိုက်တာတွေ  ချောင်းမြောင်းတိုက်ခိုက်တာတွေ ဖမ်းဆီးတာတွေ မျိုးပေါ့နော် အဲဒါတွေဆက်လုပ်ရင်တော့ လူမဆန်တဲ့လုပ်ရပ်ဖြစ်လိမ့်မယ်။ လူမဆန်တဲ့ လုပ်ရပ်တွေမလုပ်ပါနဲ့ ။ ကျနော်တို့အဲ့ဒါကို အလေးအနက်ပြောချင်တယ် သတိလည်းပေးပါတယ်။ ဒီလို ကိုဗစ် ၁၉ ကပ်ရောဂါ စိုးရိမ်ရတဲ့အနေအထားမျိုးမှာ  အကြမ်းဖက်လုပ်ရပ်တွေ ဆက်ပြီးမလုပ်ပါနဲ့။"

AA ရက္ခိုင့်တပ်တော်  ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ တိုက်ခိုက်မှုတွေ လျှော့ချရမှာက  AA မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။

"ရခိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်နေချိန် AA ဘက်က တိုက်ခိုက်တာမျိုးတွေ မလုပ်သင့်ဘူးဆိုပြီး ဒါ ဦးဇော်ဌေး ပြောဆိုတယ်ဆိုတာက လက်တွေ့ ပကတိ မြေပြင် အခြေအနေနဲ့ လုံး၀ လွဲချော်နေတဲ့ ပြောဆိုချက်ဖြစ်တယ်လို့ပဲ ပြောလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ့်မြေပြင်မှာ နေ့စဉ်နဲ့ အမျှ လက်နက်ကြီးတွေ လေကြောင်းပစ်ကူတွေ သုံးပြီးတော့မှ ရခိုင်ဒေသအနှံ့မှာ ထိုးစစ်ဆင်နေတာက မြန်မာစစ်တပ်ဘက်က လုပ်နေတာဖြစ်တယ်။  အဲဒီလို အင်အားအလွန်အကျွံ ထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက် အမိန့်ပေးနေတာကလည်း လက်ရှိ NLD အစိုးရပဲဖြစ်တယ်။ ဒီကိုဗစ်ကာလ စတင်ချိန်ကတည်းက မြန်မာစစ်တပ်ရဲ့ ထိုးစစ်တွေကို ရပ်တန့်ပြီးတော့ ဒါ ကိုဗစ်ကို အတူတူ ကာကွယ်ကြဖို့ ကျနော်တို့ ညီနောင်မဟာမိတ်တွေက ထုတ်ပြန်ချက်တွေ ထုတ်ပြီးတော့မှ  တောက်လျှောက်  ပြောလာတာဖြစ်တယ်။"

AA အပါအဝင် ကချင်လွတ်မြောက်ရေး တပ်မတော် KIA၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA နဲ့ အစိုးရတို့ Bilateral ခေါ် နှစ်ဘက်အပစ်ရပ်စာချုပ် ချုပ်ဆိုမယ့်ကိစ္စနဲ့ အဆင့် သုံးဆင့် NCA လက်မှတ်ထိုးနိုင်ရေး ကိစ္စတွေကို စာနဲ့ အပြန်အလှန် ဆက်သွယ်ပြောဆိုနေတာတွေ ရှိနေပြီး အသေးစိတ်ကို မသိဘူးလို့ ခိုင်သုခက ပြောပါတယ်။

NLD အစိုးရလက်ထက်မှာ ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံ လေးကြိမ်အတွင်း ဒုတိယနဲ့ တတိယ ညီလာခံတွေမှာ သဘောတူညီချက် (၅၁) ချက် ရရှိခဲ့ပါတယ်။ ဒီ စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာလည်း NCA အကောင်အထည်ဖော်မူကို ဘယ်လိုဆက်သွားမလဲဆိုတဲ့ သဘောတူညီမှုတွေ၊ ၂၀၂၀ အလွန်ကာလမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို ဘယ်လိုခိုင်မာအောင် တည်ဆောက်သွားမလဲ၊ ဘယ်လို အခြေခံမူတွေနဲ့ သွားမလဲဆိုတဲ့ သဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ စိန်ခေါ်မူတစ်ခုကတော့ ဒီသဘောတူညီမှုတွေကို အကောင်အထည်ဖော်တဲ့အခါမှာ ပါဝင်တဲ့သူတွေ နိုင်ငံ့ခေါင်းဆောင်တွေ၊ အစုအဖွဲ့တွေရဲ့ စိတ်စေတနာရှိမူ၊ ကြိုးစားအားထုတ်ဖို့ကလည်း အများကြီး မူတည်နေပါသေးတယ်။

အလားတူပဲ NCA လက်မှတ်မထိုးရသေးတဲ့ အင်အားကြီး အဖွဲ့တွေဖြစ်တဲ့ UWSA "ဝ" အဖွဲ့၊ KIA စတဲ့ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဘယ်အတိုင်းအတာအထိ ပါဝင်လာမလဲ ဘယ်လိုပုံစံနဲ့ ပါဝင်လာမလဲ ဆိုတာ နောက်ထက် စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။