ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ ပြန်လည် တည်ထောင်ခွင့်ရရှိ
2013.11.19
ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ( ပ.အ.မ.ဖ) ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မနေ့က နိုဝင်ဘာလ ၁၈ ရက်နေ့ နေ့စွဲနဲ့ ပါတီတည်ထောင်ခွင့် ပြုလိုက်တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
ပအိုဝ်းတိုင်းရင်းသား စည်းလုံးညီညွတ်မှု ပိုမိုခိုင်မြဲရေးကိုရှေ့ရှုပြီး ပါတီကို ပြန်လည်တည်ထောင်တာဖြစ်တယ်လို့ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခွန်စိုးမြင့်ထွန်းက RFA ကို ပြောပါတယ်။
“ဒီပါတီကို ပြန်ပြီးတည်ထောင်ရတဲ့ ရည်ရွယ်ချက်က ပထမတစ်ချက်က ပအိုဝ်းတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွှတ်မှုကို ပိုမိုခိုင်မြဲရေးကို ရှေးရှုတယ်၊ ဒုတိယတစ်ချက်က ပအိုဝ်းတိုင်းရင်းသားတွေရဲ့ အမျိုးသားရေး လက္ခဏာတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက်လည်း ကျနော်တို့ကရည်ရွယ်တယ်၊ နောက်ဆုံးက ပအိုဝ်းတိုင်းရင်းသားတွေဟာ တခြားတိုင်းရင်းသားများနည်းတူ အခြေခံလူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အပြည့်အဝရရှိခံစားနိုင်ဖို့အတွက် အမခံချက်ပေးဖို့ ကျနော်တို့ရည်ရွယ်တယ်”
ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေနဲ့ ပါတီတည်ထောင်ခြင်း ဥပဒေအရ ပါတီတည်ထောင်ခွင့် ခွင့်ပြုချက်ရရှိပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားရမှာဖြစ်ပါတယ်။
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပအိုဝ်းတိုင်းရင်းသား အများစုနေထိုင်တဲ့ ရှမ်း၊ ကယား၊ မွန်၊ ကရင် စတဲ့ပြည်နယ်တွေနဲ့ ပဲခူးတိုင်းတို့ကို အဓိကထားပြီး ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပြည်ထောင်စုပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(ပ.အ.မ.ဖ) ကို ၁၉၅၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၁၉၉၀ အထွေထွေရွေးကောက်ပွဲ မှာ ရှမ်းပြည်နယ်တောင်ပိုင်းက ဟိုပုံး၊ ဆီဆိုင်နဲ့ ပင်လောင်းမြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ပါတီမှတ်ပုံတင် ပြန်တင်ခဲ့ခြင်းမရှိပဲ အခုမှ ပါတီမှတ်ပုံ ပြန်တင်တာဖြစ်ပါတယ်။