တိုက်ပွဲအတွင်း PNO တပ်ဖွဲ့ဝင် လေးဦးကို ဖမ်းမိကြောင်း IPDF ထုတ်ပြန်
2025.02.17

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသက ရေပူကျေးရွာအနီးကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့ဝင် လေးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF) အမှတ် ၁၀၀၉ တပ်ရင်းက ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့ဝင်တစ်ရာကျော်ဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ နေ့လယ်က ရေပူကျေးရွာအနီးကို ထိုးစစ်ဆင်လာတာဖြစ်ပြီး အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF) အမှတ် ၁၀၀၉ တပ်ရင်းနဲ့ ပူးပေါင်းတပ်ဖွဲ့နဲ့ သုံးနာရီကြာ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း PNO တပ်ဖွဲ့ဝင် ငါးဦးထက်မနည်းသေဆုံးခဲ့တဲ့အပြင် လေးဦးကို အရှင်ဖမ်းမိခဲ့တာလို့ IPDF ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှုမရှိခဲ့ကြောင်းလည်း ပြောပါတယ်။ PNO တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
PNO အဖွဲ့ထံကနေ သေနတ် ငါးလက်နဲ့ စစ်သုံးပစ္စည်းတချို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့လည်း ပြောပါတယ်။
IPDF ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
အင်းလေးပြည်သူ့ကာကွယ်ရေးတပ် (IPDF) အမှတ် ၁၀၀၉ တပ်ရင်းနဲ့အတူ ပျားစစ်ကြောင်း၊ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်း-၂ (PK-PDF-2) အမှတ် ၁၀၀၆ တပ်ရင်းနဲ့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ သုံးကြိမ်လာရောက်တိုက်ခိုက်ခဲ့တာအပြင် လက်နက်ကြီးနဲ့ အလုံး ငါးဆယ်ကျော် ပစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။