ပလောင်ဒေသက တိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ တအောင်း အမျိုးသမီးအဖွဲ့တောင်းဆို
2013.04.11
ပလောင်ဒေသမှာ အစိုးရတပ်နဲ့ SSA မြောက်ပိုင်းတပ်တွေရဲ့စစ်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းရေးအတွက် တအောင်းအမျိုးသမီးအဖွဲ့က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစပြီး လားရှိုးမြို့နယ်အတွင်း ဖြစ်ပွားတဲ့စစ်ပွဲတွေကြောင့် ဒေသခံရွာသူ၊ ရွာသားအများအပြား ထွက်ပြေးခဲ့ကြရပါတယ်။ တန့်ယန်းမြို့ကို ရောက်ရှိလာတဲ့ ဒုက္ခသည် ၄၃၂ ဦးရှိပြီး၊ သူတို့ဟာ တန်ယန်းမြို့ လွယ်စေးအုပ်စုဝင်ရွာ ၈ ရွာက ဖြစ်ကြတယ်လို့ဆိုပါတယ်။
ဧပြီလ ၁၀ ရက်နေ့က ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့တဲ့ တအောင်းအမျိုးသမီးအဖွဲ့က လွေးပိုးဖိန်းက ရွာတွေအဖျက်ဆီးခံရသလို၊ ရွာသူရွာသားတွေလည်း စစ်တပ်က ခိုင်းစေတာခံရတယ်လို့ ပြောပြကြကြောင်း၊ ဒါကြောင့် စစ်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးပါလို့ တောင်းဆိုရတာဖြစ်ကြောင်းပြောပါတယ်။
"ပလောင်ဒေသမှာဖြစ်နေတဲ့ စစ်ပွဲတွေကို လုံးဝရပ်တန့်စေချင်တယ်၊ မြေမြှုပ်မိုင်းတွေကိုလည်း အသုံးမပြုစေချင်ဘူး၊ ရွာသားတွေကိုခေါ်ပြီး ညဉ်းပန်းနှိပ်စက်တာတွေကိုလည်း မပြုလုပ်ဖို့ အဓိကအနေနဲ့ တောင်းဆိုတာပါ"
အခုလိုဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ပလောင်ဒေသမြို့နယ် ၃ မြို့နယ်က ကျေးရွာ ၁၅ ရွာလောက်လည်း ပျက်စီးခဲ့ရပြီး၊ ရွာသူရွာသား ၂၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ တအောင်းအမျိုးသမီးအဖွဲ့က ပြောပါတယ်။
လောလောဆယ် ဒုက္ခသည်တွေကို WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နဲ့ ဒေသခံတွေက စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
တန်ယန်းမြို့ကိုရောက်လာတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး တအောင်းအမျိုးသမီးများအဖွဲ့က လွေးပိုးဖိန်းကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။