ပလက်ဝက ဒုက္ခသည်တွေ နေရပ်ပြန်ရေး မိုးမကျခင် စီစဉ်မည်
2017.12.29

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ AA နဲ့ အစိုးရတပ်မတော်တို့ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရှင်းလက် ဝကျေးရွာကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေကို မိုးမကျခင် နေရပ်ပြန်နိုင်ရေး စီစဉ်ပေးသွားမယ်လို့ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် က ပြောပါတယ်။
တပ်မတော်က နယ်မြေထိန်းချုပ်နိုင်ပြီဆိုပေမယ့် တစ်လ နှစ်လလောက် စောင့်ကြည့်ရဦးမှာမို့ မိုးမကျခင် ပြန်နိုင်အောင် စီစဉ်ပေးသွားမယ်လို့ ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် က ပြောပါတယ်။
"လက်ရှိအနေအထားမှာ ချက်ချင်းပြန်သွားတဲ့ကိစ္စမျိုးတော့ မဖြစ်စေချင်ဘူး၊ အခြေအနေအရ တပ်မတော်က ထိန်းချုပ်နိုင်ပြီဆိုပေမယ့် တစ်လတန်သည် နှစ်လတန်သည် စောင့်ကြည့်ပေါ့လေ၊ အကုန်လုံး အဆင်ပြေပြီဆိုရင် အမြန်ဆုံးနေရပ်ပြန်နိုင်ရေးကို စီစဉ်ပေးမှာဖြစ်ပါတယ်၊ မိုးမကျခင်တော့ ရွှေ့ပေးနိုင်မယ်"
အစိုးရတပ်မတော်နဲ့ AA အဖွဲ့တို့ကြား တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ကစတင်ပြီး ကုလားတန်မြစ်အထက်ပိုင်း မြန်မာ-အိန္ဒိယနယ်စပ် ဂုံပြင်ရွာနားမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဲဒီ တိုက်ပွဲတွေကြောင့် ဂုံပြင်ရွာက ကျေးရွာသား ၃၀၀ ကျော်လောက်ဟာ နေအိမ်တွေကို စွန့်ခွာထွက်ပြေးနေကြပြီး ပလက်ဝမြို့နယ် ရှင်းလက်၀ ရွာမှာ ရွှေ့ပြောင်းနေထိုင်နေကြရတာဖြစ်ပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေ ရပ်တန့်နေပြီး တပ်မတော်ဘက်က နယ်မြေကို ထိန်းချုပ်ထားနိုင်ပြီလို့ ပြောပါတယ်။
ဒုက္ခသည်တွေကို ပလက်ဝမြို့ခံတွေ အပါအဝင် အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လုပ်ငန်းရှင်တွေကနေ ကူညီပေးနေတာဖြစ်ပါတယ်။