ပခုက္ကူကွန်ပျူတာတက္ကသိုလ်မှာ အာဇာနည်နေ့ အတွက် လက်ကမ်းစာစောင်လှုပ်ရှားမှု တားမြစ်ခံရ


2015.07.17

လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၈ နှစ်မြောက် အာဇာနည်နေ့မှာ ဟွန်းတီးပြီး အလေးပြုကြဖို့ နှိုးဆော်တဲ့ လက်ကမ်းစာစောင်တွေကို ပခုက္ကူကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်တွေက တက္ကသိုလ်တွေမှာ လိုက်လံဖြန့်ဝေရာ တားမြစ်ခံရပါတယ်။

ပခုက္ကူကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်က ကျောင်းထဲကို ဝင်ခွင့်မပေးဘဲ ကျောင်းနံရံမှာ ကပ်တာတွေကို လည်း ပြန်ခွာလိုက်တယ်လို့ ပခုက္ကူကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။

"ကွန်ပျူတာတက္ကသိုလ်မှာ ၁ဝ နာရီ ၃၇ မှာ ဟွန်းတီးပြီး အလေးပြုကြဖို့ စတစ်ကာတွေဝေခဲ့တယ်၊ ကျောင်းအုပ် က အစည်းအဝေး ဆုံးဖြတ်ချက်ဆိုပြီးတော့ ဘာအကြောင်းပြချက်မှ မပေးပဲနဲ့ စာရွက်ဝေတာလည်း ဝေခွင့် မပြုဘူး၊ ကျောင်းထဲမှာ ဝေခွင့်မပြုနိုင်ဘူးပေါ့  အဲ့ဒီလိုအထိအောင် ကျောင်းအုပ်ကြီးက ပြောခဲ့ပါတယ်ဗျ၊ စတစ်ကာတွေကို ကျောင်းရဲ့ နံရံတွေမှာ ကျွန်တော်တို့ ကပ်ထားတာတွေရှိတယ်၊ အဲ့ဒါကို သူတို့ ပြန်ခွာ သွားတယ်"

ပခုက္ကူကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တွေဟာ ပခုက္ကူတက္ကသိုလ်နဲ့ နည်းပညာတက္ကသိုလ်တွေမှာ လက်ကမ်း စာစောင်တွေ လိုက်လံဖြန့်ဝေခဲ့တာပါ။

အဲ့ဒီလက်ကမ်းစာစောင်မှာ အာဇာနည်ခေါင်းဆောင် ၉ ဦး လုပ်ကြံခံရတဲ့ မနက် ၁ဝ နာရီ ၃၇ မိနစ်မှာ ဟွန်းတီးပြီး အလေးပြုဖို့ နှိုးဆော်ထားတာဖြစ်ပါတယ်။

အလားတူ လားရှိုးမြို့မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့နဲ့ ဒို့ဗိုလ်ချုပ်လူငယ်အဖွဲ့တို့က အာဇာနည်ခေါင်းဆောင်တွေကို ချီတက်အလေးပြုကြဖို့ လက်ကမ်းစာစောင်တွေကို မြို့ပေါ်လူစည်ကား ရာနေရာတွေမှာ ဒီနေ့ လိုက်လံဝေငှခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။