ရခိုင်မှာ အောက်ဆီဂျင်စက်ရုံတည်ဆောက်ဖို့ ကိုယ်ထူကိုယ်ထ ကြိုးစားနေ
2021.07.26
ရခိုင်ပြည်နယ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး အောက်ဆီဂျင်လိုအပ်လို့ သေဆုံးမှုတွေ တစ်နေ့ တခြား များနေတဲ့အတွက် စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်စတဲ့မြို့နယ်တွေက အရပ်ဘက်အဖွဲ့အစည်းတွေ၊ အလှူရှင်ရဲ့ အကူအညီနဲ့ အောက်ဆီဂျင်စက်ရုံ တွေ ထူထောင်ဖို့ကြိုးစားနေကြပါတယ်။
Covid 19 တတိယလှိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေကလည်း အောက်ဆီဂျင် လုံလုံ လောက်လောက် ထုတ်မပေးနိုင်တဲ့အတွက် အခုလိုကိုယ်ထူကိုယ်ထ ကြိုးစားလာကြတာလို့ စစ်တွေမြို့မှာ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ဖို့ ကြိုးစားနေတဲ့ ကိုဇော်ဇော်ထွန်းက RFA ကို ပြောပါတယ်။
“အောက်ဆီဂျင်က ဒီတတိယလှိုင်းမှာ ပိုပြီးလိုအပ်ချက်တွေ များလာတယ်။ အောက်ဆီပြတ်လို့လည်း အသက်ဆုံးရှုံးမှုတွေ များလာတယ်။ အာဏာပိုင်တွေဘက်ကလည်း လုံလောက်မှုမရှိတဲ့ အနေအထားကို တွေ့ရတယ်ပေါ့။ ကိုဗစ်ကူးစက်မှုကလည်း ပိုပြီးတော့များလာလို့ရှိရင် အသက်ဆုံးရှုံးမှုတွေများမယ်။ အဲဒီအခါမှ ကျွန်တော်တို့က ပြည်သူတွေရဲ့ ပူးပေါင်းအားနဲ့ အများပြည်သူရဲ့ လိုအပ်ချက်တွေကို ဖြည့်နိုင်ဖို့အတွက်ကို ရည်ရွယ်ပြီးတော့ လုပ်ခဲ့တာဖြစ်ပါတယ်”
မောင်တောမြို့မှာဆိုရင်လည်း ရခိုင်၊ မွတ်စလင်၊ ဟိန္ဒူ အပါအဝင် ဘာသာပေါင်းစုံက လူတွေစုပေါင်းပြီး အောက်ဆီဂျင်စက်ရုံ ထူထောင်ဖို့ကြိုးစားနေကြပါတယ်။ ဘာသာပေါင်းစုံကလူတွေ အတူတကွ ပူးပေါင်း လုပ်မယ်ဆိုရင် ကပ်ရောဂါကို အောင်မြင်နိုင်မှာဖြစ်လို့ အခုလိုလုပ်ဆောင်တာလို့ မောင်တောမြို့ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်က ပြောပါတယ်။
“ကိုယ့်မြို့မှာ ဘာသာသုံးဘာသာရှိတယ်။ ဗုဒ္ဓဘာသာရယ်၊ မွတ်စလင်ရယ်၊ ဟိန္ဒူ ဘာသာရယ်ပေါ့။ သူတို့လည်း ပူပေါင်းပါဝင်မှပဲ ပိုပြီးတော့ အောင်မြင်သွားမယ်။ အဲဒီလို ယုံကြည်ချက်နဲ့ သူတို့ကိုလည်း ကိုယ်တိုင်စည်းရုံးပြီးတော့ သူတို့ကလည်း ထဲထဲဝင်ဝင်နဲ့အကုန်လုံး ပါဝင်တော့ အခုအောင်မြင်မှု အတိုင်းအတာတစ်ခုကိုတော့ ရောက်နေပါပြီ။ ဆေးရုံတွေဆိုတော့ ဘာသာပေါင်းစုံနဲ့ဆိုင်တယ်။ ဘာသာပေါင်းစုံကလည်း ဆေးလာကုကြတယ်လေ။ အဲဒါကြောင့် ဒီလူတွေပါမှပဲ ပိုပြီးတော့ အဆင်ပြေ နိုင်မယ်ဆိုတဲ့ ကျွန်တော့်ရဲ့ အိုင်ဒီယာနဲ့ ကိုယ်တိုင်စည်းရုံးပြီးတော့ ဒီအဆင့်အထိရောက်အောင် ဖန်တီး ခဲ့တာပါ”
မောင်တောမြို့က အောက်ဆီဂျင်စက်ရုံကို လေးဆယ်ငါးရက်အတွင်း အပြီးစီးတည်ဆောက်မှာဖြစ်ပြီး ဒီစက်ရုံကနေ တစ်ရက်ကို အောက်ဆီဂျင် လေးဆယ်လီတာ အလုံး ၈၀ ကနေ အလုံး ၁၂၀ အထိ ထုတ်နိုင်မယ်လို့လည်း ဆိုပါတယ်။ အောက်ဆီဂျင်ပြတ်လို့ သေဆုံးရတဲ့လူနာတွေက နိုင်ငံတဝန်းမှာနေ့စဉ် ရှိနေပါတယ်။
" အများပြည်သူရဲ့ လိုအပ်ချက်တွေကို ဖြည့်နိုင်ဖို့အတွက် ရည်ရွယ်ပြီး လုပ်ခဲ့တာဖြစ်ပါတယ်"
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပိုးတွေ့လူနာတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက သူ့ရဲ့လူနာဟာ စစ်တွေဆေးရုံ ကြီးမှာ အောက်ဆီဂျင်ပြတ်လို့ ဇူလိုင် ၁၉ ရက်နေ့က သေဆုံးခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။
“ကျွန်မတို့ လူနာမဆုံးခင် ဆေးရုံမတက်ခင်က အောက်ဆီဂျင်က အလုံအလောက်ရှိတယ်။ ဆေးရုံကိုပဲ လာပါပေါ့နော်။ ဆေးရုံမှာက အောက်ဆီဂျင် အလုံအလောက်ရှိတယ်။ ကုပေးနိုင်တယ်ဆိုလို့ ကျွန်မတို့ လည်း အားကိုးတကြီး ဆေးရုံကိုသွားခဲ့တာပေါ့။ ဒါပေမဲ့ တကယ်ကျတော့ ကျွန်မတို့ကြုံခဲ့ရတာက ကျွန်မတို့လူနာက ညကတည်းက အောက်ဆီဂျင်ပြတ်ပြီးတော့ မနက်ဆုံးသွားတာပေါ့နော်။ တစ်ညလုံး အောက်ဆီဂျင်က လူနာဆီကို ရောက်မလာခဲ့ဘူးရှင့်”
အခုလို စစ်တွေဆေးရုံမှာ အောက်ဆီဂျင်ပြတ်လို့ သေဆုံးသွားတယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်တွေပြည်သူ့ ဆေးရုံအုပ်ကြီး ရခိုင်ပြည်နယ်ကုသရေး ဦးစီဌာနမှူး ဒေါက်တာကြည်လွင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
မောင်တောဆေးရုံမှာ အောက်ဆီဂျင်ပေးနေရတဲ့ လူဆယ်ယောက်ကျော်လောက်အတွက် လောလောဆယ် အဆင်ပြေနေတယ်ဆိုပေမယ့် ဒီထက်လူနာပိုများလာရင် တော်တော်လေး အခက်အခဲရှိတယ်လို့ မောင်တော ဆေးရုံမှာ ယာယီတာဝန်ထမ်းဆောင်နေတဲ့ အထွေထွေရောဂါကု သမားတော် ဒေါက်တာ အောင်နိုင်လင်းက ပြောပါတယ်။
“ကိုဗစ်ဆိုတာကဗျာ အောက်ဆီဂျင် နင်လားငါလားလိုတဲ့ ရောဂါမျိုးလေ။ ဆေးရုံတစ်ရုံမှာ အောက်ဆီဂျင် ရှူရတဲ့လူနာက အယောက် တစ်ဆယ်၊ နှစ်ဆယ်ဖြစ်လာပြီးဆိုရင် အဲဒီအောက်ဆီဂျင်တွေက လုံလောက်ဖို့ ဆိုတာက မလွယ်တော့ဘူး။ ကျွန်တော်ကတော့ မောင်တော ဆေးရုံမှာပေါ့နော်။ မောင်တော ဆေးရုံမှာ လက်ရှိအောက်ဆီဂျင်ပေးထားရတဲ့ လူနာက ဆယ်ယောက်ကျော်ကျော်လေး ရှိတာပေ့ါလေ။ အောက်ဆီ ဂျင်ကတော့ စစ်တွေကမှာပြီး ရှူနေရတယ်။ ဒီကြားထဲမှာတော့ နည်းနည်းအဆင်ပြေ နေသေးတာပေါ့လေ။ ဒါပေမဲ့ လူနာတွေ ဒီထက်များလာရင်တော့ အောက်ဆီဂျင်လောက်ဖို့ဆိုတာက မလွယ်ဘူး”
ရခိုင်ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေ များလာတာကြောင့် အခုလက်ရှိ အောက်ဆီဂျင် လိုအပ်မှုတွေများလာတာနဲ့ ပတ်သက်လို့ စစ်ကောင်စီအနေနဲ့ ဘယ်လိုလုပ်ဆောင်နေသလဲဆိုတာ သိနိုင်ဖို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်မေး မြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
သူ့ရဲ့ဖေ့စ်ဘွတ်လူမှုစာမျက်နှာမှာတော့ အောက်ဆီဂျင်ကို စစ်တွေဆေးရုံ၊ ကျောက်ဖြူဆေးရုံ၊ မောင်တော ဆေးရုံ၊ တပ်မတော် စစ်ဆေးရုံနဲ့ အမ်းစစ်ဆေးရုံတွေက တစ်နေ့ကို စုစုပေါင်း ၁၂၅ အိုးထုတ်လုပ် သုံးစွဲနေပြီး နောက်ထပ်လည်း မောင်တော၊ ကျောက်ဖြူ၊ သံတွဲမြို့တွေမှာလည်း တစ်နေ့ကို အောက်ဆီဂျင်အိုးကြီး ၆၀ ထွက် စက်ရုံထောင်ဖို့ လုပ်ဆောင်နေတယ်လို့ ရေးသားထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့က ကိုယ်ထူကိုယ်ထဆောက်လုပ်ထားတဲ့ အခမဲ့အောက်ဆီဂျင်စစ်ရုံနဲ့ ပတ်သက် လို့လည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့က ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌရုံးမှာ ပြည်နယ် ကောင်စီ အဖွဲ့နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနဲ့ အဖွဲ့တို့ တွေ့ဆုံဆွေးနွေးကြပြီး အရပ်ဘက်အဖွဲ့အစည်းတွေက တည်ဆောက်မယ့် အောက်ဆီဂျင်စက်ရုံ အစီအစဉ်ကို ပြည်နယ်ကောင်စီ ကနေပြီး စီမံအုပ်ချုပ်မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်ကို ဒေသခံတွေက မကျေနပ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာပြီး နောက်တစ်ရက်မှာတော့ ပြည်နယ်ကောင်စီက စီမံအုပ်ချုပ်မှုလုပ်မှာ မဟုတ်တဲ့အကြောင်း ထုတ်ပြန်လာပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ကိုယ်ထူကိုယ်ထဆောက်လုပ်နေတဲ့ အောက်ဆီဂျင်စက်ရုံ ဆယ်ခုနီးပါးရှိတယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။
အဲဒီအထဲမှာ မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒက ဦးဆောင်တဲ့ နန်းရိပ်ဂရုဏာ အောက်ဆီဂျင် အခမဲ့ ကူညီရေးအဖွဲ့ရဲ့ အောက်ဆီဂျင်စက်ရုံကတော့ ဇူလိုင်လ ၂၂ ရက်နေ့ကစပြီး တစ်ရက်ကို အောက်ဆီဂျင် ၄၀ လီတာဆန့် အလုံး ၅၀ ထုတ်လုပ်နေပြီဖြစ်ပါတယ်။ အဲဒီစက်ရုံကနေ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ တောင်ကုတ် စတဲ့မြို့နယ်တွေကို အောက်ဆီဂျင် ဖြည့်သွင်းပေးနေပါပြီ။
ရခိုင်ပြည်နယ်မှာ Covid 19 တတိယလှိုင်းကာလအတွင်း ရောဂါကူးစက်ခံရလို့ သေဆုံးသူ ၁၁၀ နဲ့ ပိုးတွေ့ လူနာ စုစုပေါင်း ၂၂၀၄ ဦးရှိတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဇူလိုင် ၂၆ ရက် မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။