ပြင်ဦးလွင်မှာ မြေသိမ်းခံတောင်သူတွေ ရိုက်နှက်ခံရ
2014.05.28
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာမှာ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က တောင်သူ ၅ ဦးကို အငြင်းပွားနေတဲ့ မြေယာကိစ္စဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ပြီး လူတစ်စုက ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ အတွက် တောင်သူတွေ ဒဏ်ရာရခဲ့ကြပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြင်ဦးလွင်မြို့နယ် တောင်သူလယ်သမားသမဂ္ဂ အဖွဲ့ဝင် ကိုဇော်ထိုက်က အခုလို ပြောပါတယ်။
ဒေါ်မိမိလေး ကော်ဖီခြံထဲကနေမှ မြေယာကိစ္စညှိမယ် ဦးစိုးမြင့် လာခဲ့ပါဆိုတော့ ဦးစိုးမြင့်ဟာ ဆိုင်ကယ်နဲ့ ထွက်သွားတော့ ဟိုမှာက လူမိုက်ကိုးယောက်နဲ့ စောင့်နေကြတယ်၊ အဲဒီမှာ ဆိုင်ကယ်ပေါ်ကတောင် မဆင်းသေးဘူး ဦးစိုးမြင့် ရိုက်ပြီးတော့ ဆိုင်ကယ်ဦးထုပ်တွေရော ဆိုင်ကယ်ရော ရိုက်ခွဲပစ်လိုက်တယ်၊ ပြီးတော့ အဆောက်အဦးထဲကို ကြိုးတုတ်ပြီးတော့ ခေါ်သွားတယ်၊ လေးယောက်ကတော့ ပြည်သူ့ဆေးရုံမှာ၊ တစ်ယောက်ကတော့ ပြန်ရောက်နေပြီ၊ သူကတော့ ပါးတွေယောင်နေတယ်
ထုံးဘိုကျေးရွာမှာ ဧက ၂၀၀ လောက်ရှိမယ့် ယာမြေတွေကို တောင်သူတွေက သူတို့ထံက သိမ်းသွားတာဖြစ်ကြောင်းနဲ့ လက်ရှိမှာ အာရောဂျံ ဆေးရုံပိုင်ရှင်က လုပ်ကိုင်နေတာဖြစ်တယ်လို့ သိရပါတယ် ။ တောင်သူတွေကို ရိုက်နှက်တဲ့ လူတစ်စုဟာ အဲဒီ အာရောဂျံ ကော်ဖီခြံက အလုပ်သမားတွေဖြစ်တယ် လို့ တောင်သူတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်က ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ကော်ဖီလုပ်ငန်း လုပ်ဖို့ဆိုပြီး ထုံးဘိုကျေးရွာက တောင်သူ ၃၀ ကျော်ပိုင်ဆိုင်တဲ့ တောင်ယာမြေ ၂၀၀ လောက်ကို သိမ်းယူခဲ့ပြီး အာရောဂျံဆေးရုံပိုင်ရှင်ကို ပြန်လည်ရောင်းချခဲ့တယ်လို့လည်း သိရပါတယ်။