ဆေးဖြတ်ကုသရေးဌာနသစ် ၈ ခု ဖွင့်လှစ်မည်


2014.09.16
one-stop-shop-305.jpg ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံမှာ စက်တင်ဘာ လ ၁၆ ရက်နေ့က မူးယစ်ဆေးစွဲရောဂါ ကာကွယ်ကုသရေး စီမံကိန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲပြုလုပ်စဉ်
Photo: Kyaw Lwin Oo/ RFA

မူးယစ်ဆေးစွဲနေသူတွေကို တစ်နေရာတည်း မှာ ဆေးဖြတ်တောက်ကုသပေးမယ့် ဌာန ၈ ခုကို ရန်ကုန်မြို့နဲ့ မြို့ကြီး ၇ မြို့မှာ မကြာခင် ဖွင့်လှစ်မှာဖြစ် တယ်လို့ မူးယစ်ဆေးစွဲရောဂါ ကာကွယ်ကုသရေး စီမံကိန်း မန်နေဂျာ ဒေါက်တာလှဌေးက ဒီနေ့ ပြောခဲ့ ပါတယ်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က စံပြဆေးရုံမှာ မူးယစ်ဆေးစွဲရောဂါ ကာကွယ်ကုသရေးစီမံကိန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြရာ ဒေါက်တာလှဌေးက အခုလိုပြောခဲ့တာပါ။

"လူနာတွေက ဒီဆေးရုံပြေးလိုက် ဟိုဆေးခန်းပြေး လိုက် အဲ့လိုမဖြစ်တော့ဘူး၊ လိုချင်တာအကုန်လုံး တစ်နေရာထဲမှာရနိုင်ပါတယ်၊ ဒီကိုရောက်သွားရင် ဝန်ဆောင်မှုအကုန်လုံးကို သူတို့ရပါတယ်၊ သူတို့ခရီးစရိတ်လည်း မကုန်ဘူး၊ အချိန်လည်းသက်သာတယ်၊ ဒီမှာကျနော်တို့နဲ့ကျတော့ နွေးနွေးထွေးထွေး နားလည်မှုပေးတဲ့အခါကျတော့ ဒီမှာပဲရတဲ့အခါကျတော့ သူတို့ကဝမ်းသာတယ်၊ သူတို့လည်း ပိုပြီးတော့ အားကိုးလာတယ်"

ဆေးဖြတ်တောက်ကုသပေးမယ့် ဌာန ၈ ခုကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ စံပြဆေးရုံ၊ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံ၊ မြစ်ကြီးနား၊ ကျောက်မဲ၊ မူဆယ်၊ ကလေး၊ တမူးနဲ့ လားရှိုးမြို့နယ်တွေမှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။

အဲ့ဒီဌာနတွေမှာ မူးယစ်ဆေးစွဲနေသူတွေကို မူးယစ်ဆေးဝါးအစားထိုး မတ်သဒုံး ဆေးရည်တိုက်ကျွေး တာ၊ နှစ်သိမ့်ဆွေးနွေးတာ၊ HIV ဆေးတိုက်တာ၊ အသည်းရောင်အသားဝါ ဘီပိုးစီပိုးရှိ မရှိ စစ်ဆေးပေးတာ၊ ကွန်ဒုံဝေတာစတဲ့ အဆင့် ၈ ဆင့်ကို ပြုလုပ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ တစ်နိုင်ငံလုံးအနှံ့ မူးယစ်ဆေးစွဲနေသူတွေကို ကုသပေးတဲ့ဌာနပေါင်း  ၇၃ ခုရှိပြီး မူးယစ်ဆေးဝါးအစားထိုးဆေး မတ်သဒုံးဆေးရည် တိုက်ကျွေးတဲ့ဌာန ၃၅ ခု ရှိပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကို တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။