မိုင်းကိုင်မှာ အမျိုးသားတစ်ဦး မိုင်းထိ သေဆုံး
2021.11.02
ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ ရှမ်းပြည်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်တွေ တိုက်ပွဲဖြစ် ခဲ့တဲ့ မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စု လွယ်ရွဲကျေးရွာမှာ ဒီနေ့ နေ့လယ်က ကျွဲကျောင်းပြီးပြန်လာတဲ့ အမျိုးသားတစ်ဦး မိုင်းထိပြီး မိုင်းကိုင်ဆေးရုံမှာ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၁၆ နှစ်အရွယ် လွယ်ရွဲရွာသား မိုင်းထွန်းအေးဟာ ဒီနေ့မနက်က ကျွဲကျောင်းသွားခဲ့ပြီး နေ့လယ် နှစ်နာရီလောက်မှာ ကျွဲစီးပြီး အိမ်ပြန်လာချိန် ကျွဲက မိုင်းနင်းမိခဲ့တာပါ။
အဲဒီမိုင်းကြောင့် ကျွဲမကြီးက နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့သလို မိုင်းထွန်းအေးကလည်း နောက်စေ့ကနေ ဦးခေါင်းထဲကို မိုင်းစဖောက်ဝင်သွားတာကြောင့် ဆေးရုံမှာ ကွယ်လွန်သွားတာလို့ မိုင်းကိုင်မြို့ ဒေသခံက RFA ကို ပြောပါတယ်။
လွယ်ရွဲရွာမှာ နိုဝင်ဘာလ ၁ ရက်နေ့ မနေ့က မနက်ပိုင်း ၈ နာရီကနေ ညနေပိုင်းအထိ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်တွေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
မိုင်းကိုင်မြို့နယ်အတွင်းမှာ SSPP နဲ့ RCSS တပ်ဖွဲ့ကြားတိုက်ပွဲတွေ ဆက်ဖြစ်နေပြီး တိုက်ပွဲကြောင့် အရပ်သားတွေ မကြာခဏထိခိုက်နေရတာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်း သုံးနာရီလောက်ကလဲ မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာ အုပ်စု ကုန်းပေါင်းရွာအဝင်မှာ လက်နက်ကြီးကျတာကြောင့် တောင်ယာကနေ ပြန်လာတဲ့ မိသားစုဝင်လေးဦး လက်နက်ကြီးစ ထိမှန်ခဲ့ဒဏ်ရာရခဲ့ပြီး အိမ်ထောင်ဦးစီးဖြစ်သူဟာ နောက်ရက်မှာပဲ မိုင်းကိုင်ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။
ဒီကနေ့ ညနေပိုင်းအထိ မိုင်းကိုင်မြို့နယ်အတွင်းမှာ RCSS နဲ့ SSPP တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။