ကျော်ထက်ကျော် ကုမ္ပဏီက အလုပ်ထုတ်ခံရသူတွေ ဆန္ဒပြ
2019.01.25

ရန်ကုန်တိုင်း လှိုင်မြို့နယ် ကျော်ထက်ကျော် ကုမ္ပဏီက အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမား ၃၀၀ ကျော်ကို အလုပ်ပြန်ခန့်ပေးဖို့ အလုပ်သမားတွေ ဒီနေ့မနက်က ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
ဆန္ဒပြအလုပ်သမားတွေက ကမ်းနားလမ်းမှာရှိတဲ့ အုတ်ကျင်း ဂုန်နီစက်ရုံရှေ့ကနေ ကမ်းနားလမ်းအတိုင်း ကမာရွတ်ဘူတာရုံလမ်းကနေ ဗဟိုလမ်းအတိုင်း စက်ရုံရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
အလုပ်သမားတွေက လုပ်ငန်းခွင်တည်မြဲဖို့၊ ငှားရမ်းထားတဲ့ စာချုပ်ပါ အချက်တွေကို မလိုက်နာတဲ့ နိုင်ငံပိုင် စက်ရုံတွေကို ပြန်လည်သိမ်းဆည်းရေး၊ နိုင်ငံပိုင် စက်ရုံတွေကို ငှားရမ်းရာမှာ ခိုင်မာတဲ့ မူဝါဒတွေ ချမှတ်ရေး စတဲ့အချက်တွေကို တောင်းဆိုဆန္ဒပြခဲ့ပါတယ်။
အဲဒီစက်ရုံမြေနေရာမှာ နိုင်ငံတကာအဆင့်မီ ကုန်ပစ္စည်းတွေ ရောင်းဝယ်ပြသနိုင်တဲ့ အဆောက်အဦး တည်ဆောက်ဖို့ ကုမ္ပဏီဘက်က ရည်ရွယ်ထားကြောင်း လှိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက RFA ကို ပြောဆိုထားပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။