ဥက္ကံအကြမ်းဖက်မှု စတင်သူတွေကို ထောင်ချ
2013.06.20

ပဲခူးတိုင်း ဥက္ကံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှုနဲ့ ပတ်သက်ပြီး အစ္စလာမ်ဘာသာဝင် အမျိုးသမီးနှစ်ဦးကို တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်စီ မနေ့က ချမှတ်လိုက်ကြောင်း AP သတင်းက ဖေါ်ပြ ပါတယ်။
သူတို့ကို ဘာသာရေးစော်ကားမှုနဲ့ တရားစွဲဆိုခဲ့တာဖြစ် ပါတယ်။
သူတို့ထဲက တစ်ယောက်ဟာ ကိုရင်တစ်ပါးကို စက်ဘီးနဲ့ တိုက်ခဲ့သူဖြစ်ပြီး၊ တခြားတစ်ယောက်ကတော့ ရဟန်းပျိုတစ်ပါးရဲ့ပခုံးကို ဆွဲကိုင်လှုပ်ရမ်းခဲ့တယ်လို့ ဆိုပါတယ်။
အဓိကရုဏ်းနဲ့ ပတ်သက်ပြီး လူ ၃ဝ လောက်ကို ရဲကဖမ်းဆီးခဲ့ကြောင်း၊ လူ ၆ဝ လောက် လွတ်မြောက်နေသေးကြောင်းလည်း တရားရုံးကို သွားရောက်ခဲ့သူတစ်ဦးကို ကိုးကားပြီး AP သတင်းက ဆိုပါတယ်။
ဒီအဓိကရုဏ်းမှုနဲ့ ပတ်သက်ပြီး မေလပထမပတ်ကတည်းက စတင်စစ်ဆေးခဲ့ရာမှာ မပြီးပြတ်သေးဘူးလို့ သိရပါတယ်။
အလားတူ မိတ္ထီလာနဲ့ လားရှိုးမြို့တွေမှာဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေမှာပါဝင်ခဲ့သူ မွတ်စလင်အမျိုးသားတွေကိုလည်း ထောင်ဒဏ်တွေချမှတ်ခဲ့တယ်လို့ AP သတင်းက ဖော်ပြပါတယ်။