တစညက တက္ကသိုလ် တည်ထောင်ပေးမယ်လို့ စည်းရုံး


2015.10.12
naingmin-nup-candidate-620.jpg တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနိုင်မင်း အောက်တိုဘာ ၁၂ ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ မဲဆွယ်စည်းရုံးစဉ်
Photo: Win Ko Ko Latt/ RFA

လာမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက နေပြည်တော် ကောင်စီ နယ်မြေတွေမှာ အနိုင်ရရင် နေပြည်တော်မှာ တက္ကသိုလ်တစ်ခု တည်ထောင် ပေးမှာဖြစ်ကြောင်း ဒက္ခိဏသီရိမြို့နယ်နဲ့ ပျဉ်းမနားမြို့နယ်တို့မှာ မနေ့က တစ်အိမ် တက်ဆင်း မဲဆွယ်စည်းရုံးခဲ့ပါတယ်။

သူတို့ပါတီအနေနဲ့ အနိုင်ရခဲ့ရင် လယ်သမားတွေ လယ်ပိုင်ဆိုင်ခွင့်ရရှိဖို့၊ စပါး ဈေးကောင်းရဖို့နဲ့ တက္ကသိုလ်တစ်ခု ရရှိရေးအတွက် ကြိုးစားဖို့ မူချမှတ်ထားတယ်လို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနိုင်မင်းက ပြောပါတယ်။

"ကျနော်တို့နံပါတ် ၁ က၊ ကျနော်တို့လယ်သမား စပါးဈေးကို သိန်း ၂၀၊ သိန်း ၂၅ ရောင်းစားလို့ရမယ်၊ ဒါမှ အလုပ်သမား ဈေးကောင်းကောင်းရမယ်၊ဒီလို သွားတယ်၊ ကျနော်တို့ နေပြည်တော်မှာ တက္ကသိုလ်တစ်ခုရအောင်ထပ်ဖွင့်မယ်၊ ကျနော်တို့ အလုပ်သမားတွေ၊ လယ်သမားတွေ၊ လယ်ပိုင်ဆိုင်ခွင့်ရအောင် ကျနော်တို့လုပ်မယ်"

တစညပါတီဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၇၆ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေမှာ မြို့နယ် ၈မြို့နယ်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၈ ဦး နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၁ ဦး စုစုပေါင်း ၉ ဦး ယှဉ်ပြိုင်မှာဖြစ် ပါတယ်။

အဲဒီကိုယ်စားလှယ်လောင်း ၉ ဦးဟာ သက်ဆိုင်ရာမြို့နယ်တွေမှာ တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးနေတာ ၂ ပတ်လောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ နေပြည်တော်ကောင်စီနယ်မြေမှာ မဲပေးနိုင်သူ ၆ သိန်း ၇ သောင်းကျော်ရှိပြီး မဲရုံ ၆၁၄ ရုံထားရှိမှာဖြစ်ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေမှာ အန်အယ်လ်ဒီပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ မြန်မာအမျိုးသား ကွန်ဂရက်ပါတီတို့က ကိုယ်စားလှယ်လောင်းတွေအပြင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း တွေလည်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။