ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပိုတိုးမြှင့်ဆက်ဆံမယ်လို့ အမေရိကန်ပြော

စောဖိုးခွါး (ဝါရှင်တန်ဒီစီ)
2023.02.15
ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပိုတိုးမြှင့်ဆက်ဆံမယ်လို့ အမေရိကန်ပြော NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းတို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ဆုံစဉ်။
Wendy Sherman twitter

မြန်မာပြည်ဒီမိုကရေစီရရှိရေး လှုပ်ရှားဆောင်ရွက်နေသူတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အမေရိကန် အစိုးရအကြား အခုထက်ပိုပြီး ဆက်ဆံရေးတိုးမြှင့်သွားမယ်လို့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်း (Wendy Sherman) က ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံချိန်မှာ အခုလိုပြောခဲ့တာလို့ အမေရိကန်ဘက်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ ဆက်ကျူးလွန်နေတာ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ဆက်လက် ဖိနှိပ်နေတာတွေကိုလည်း မစ္စဝင်ဒီရှားမန်းက ရှုတ်ချခဲ့ပါတယ်။

အမေရိကန်အစိုးရကနေ အာဏာသိမ်း စစ်ကောင်စီအပေါ် ဖိအားတွေပိုတိုးပေးမယ်လို့လည်း သူက ကတိပေးခဲ့ပါတယ်။ မြန်မာပြည်သူတွေကို ပိုအကူအညီပေးဖို့ အာဆီယံအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

NUG ဘက်ကလည်း အမေရိကန်အစိုးရ တာဝန်ရှိသူတွေနဲ့ ပိုချိတ်ဆက်နိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံခြားရေးဌာနရုံးတစ်ရုံးကို ဝါရှင်တန်ဒီစီမြို့တော်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တရားဝင်ဖွင့်လှစ်လိုက်ပါတယ်။

ဝါရှင်တန်ဒီစီ NUG ရုံးဖွင့်ပွဲကို အမေရိကန်သံအရာရှိတွေ တက်ရောက်ခဲ့သလို၊ အခုလို ရုံးဖွင့်နိုင်တာကို ကြိုဆိုတယ်လို့လည်း ဒု-ဝန်ကြီးဝင်ဒီရှားမန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။