ပါလက်စတိုင်း ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး NUG ထောက်ခံ
2024.05.12

ပါလက်စတိုင်းနိုင်ငံ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ မေလ ၁ဝ ရက် သောကြာနေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပြီး၊ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၄၃ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြပါတယ်။
ကုလမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နေရာယူထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားပြု သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ထောက်ခံဆန္ဒမဲ ပေးခဲ့တယ်လို့ ကုလသတင်းစဉ်အရ သိရပါတယ်။
အမေရိကန်နဲ့ အစ္စရေးအပါအဝင် နိုင်ငံပေါင်း ကိုးနိုင်ငံက ပါလက်စတိုင်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာမှာကို ကန့်ကွက်ခဲ့ကြပြီး၊ ဗြိတိန်၊ ဂျာမနီ၊ ကနေဒါ၊ ယူကရိန်းစတဲ့ ၂၅ နိုင်ငံကတော့ ကြားနေဆန္ဒမဲပေးခဲ့ကြပါတယ်။
အထွေထွေညီလာခံက အခုလိုမဲအပြတ်အသတ်နဲ့ အတည်ပြုလိုက်ပေမဲ့ ပါလက်စတိုင်းကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံ၊ မခံဆိုတာ လုံခြုံရေးကောင်စီက အဓိက အဆုံးအဖြတ်ပေးရမှာဖြစ်ပါတယ်။
လုံခြုံရေးကောင်စီမှာ ဒီကိစ္စဆွေးနွေးရင် အမေရိကန်က ဗီတိုအာဏာသုံးပယ်ချနိုင်တဲ့ အလားအလာ ရှိနေပြီး၊ ပြီးခဲ့တဲ့လ ဆွေးနွေးတုန်းကလည်း အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချထားပါတယ်။