ကော်ဘရာစစ်ကြောင်းကို NUG က သေနတ်အလက် ၅၀ ထောက်ပံ့
2022.12.26

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ကော်ဘရာစစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သေနတ် အလက် ၅၀ ထောက်ပံ့ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၆ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဒီသေနတ်တွေက တောင်ပိုင်းစစ်ဒေသကို NUG ထောက်ပံ့မှုရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေအတွင်း လှုပ်ရှားနေတဲ့ ကော်ဘရာစစ်ကြောင်းက ဒီဇင်ဘာလ ၂၅ ရက်မနေ့က သင်တန်းဆင်းပွဲပြုလုပ်ခဲ့ပြီး NUG ပြည်ထောင်စုဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်း ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။
ဒီသင်တန်းဆင်းပွဲမှာ ဦးမန်းဝန်းခိုင်သန်းက NUG ရဲ့ လုပ်ဆောင်ချက်တွေ၊ စစ်ရေးပူးပေါင်း လှုပ်ရှားမှုတွေနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာသံတမန်ရေးနယ်ပယ်အတွင်း ချိတ်ဆက်ဆောင်ရွက်မှုတွေကိုလည်း PDF တပ်ဖွဲ့ဝင်တွေကို ရှင်းပြခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကော်ဘရာစစ်ကြောင်းဟာ စစ်အာဏာသိမ်းပြီးနောက် ပေါက်ပေါ်လာတဲ့တပ်ဖွဲ့တစ်ခု ဖြစ်ပြီး KNU တပ်မဟာ(၆) ဒသအတွင်း စစ်ကောင်စီတပ်နဲ့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေ ပါတယ်။
KNU ရဲ့ ဒီနှစ် သြဂုတ်လ ၂၄ ရက် ထုတ်ပြန်ချက်မှာတော့ တပ်မဟာ (၆) နယ်မြေအတွင်း အရပ်သားကိုးသောင်းကျော် (၉၀,၂၉၁ ဦးအထိ) အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဖော်ပြခဲ့ပါတယ်။