ရိုဟင်ဂျာမွတ်စလင်တွေအရေးနဲ့ ပတ်သက်လို့ NUG သဘောထားထုတ်ပြန် ကြေညာ

2021.06.03
ရိုဟင်ဂျာမွတ်စလင်တွေအရေးနဲ့ ပတ်သက်လို့ NUG သဘောထားထုတ်ပြန် ကြေညာ ၂ဝ၁၈ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒုက္ခသည်စခန်းမှာတွေ့ရတဲ့ ရိုဟင်ဂျာကလေးငယ်နှစ်ဦး။
File Photo/Reuters

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာနေထိုင်တဲ့ ရိုဟင်ဂျာမူဆလင်တွေအနေနဲ့ နိုင်ငံသားတွေနည်းတူ တန်းတူ အခွင့်အရေး ရရှိရေးအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်နိုင်ဖို့ရေး ရိုဟင်ဂျာမူဝါဒဆိုင်ရာ သဘောထားကြေညာချက်ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က ဇွန် ၃ ရက်နေ့ မှာ ထုတ်ပြန်လိုက်ပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းက ရခိုင်ပြည်နယ်က အဖြစ်အပျက်တွေမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် သိန်းနဲ့ချီပြီး နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဘေးဒုက္ခတွေအတွက် သမိုင်းတလျှောက် စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ စစ်တပ်ရဲ့တာဝန်ခံမှုတွေကို ဖော်ထုတ်ဖို့အတွက် နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICJ ရဲ့ စီရင်ပိုင်ခွင့်ကို အသုံးပြုနိုင်ဖို့ အစပျိုး လုပ်ဆောင်နေပြီလို့လည်း ဒီကနေ့ ထုတ်ပြန်တဲ့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခြေခံလူ့အခွင့်အရေးစံနှုန်းတွေ၊ ဖက်ဒရယ်ဒီမိုကရေစီအခြေခံမူတွေနဲ့ ကိုက်ညီတဲ့ ဥပဒေတွေအတိုင်း ရိုဟင်ဂျာတွေဟာ နိုင်ငံသားဖြစ်ခွင့်ရှိပြီး နိုင်ငံသားဖြစ်သူတိုင်း အခြားနိုင်ငံသားတွေနဲ့ တန်းတူအခွင့်အရေး အပြည့်အဝ ခံစားရသင့်ကြောင်း၊ ၁၉၈၂ နိုင်ငံသားဥပဒေအပါအဝင် တခြားဖိနှိပ်တဲ့ဥပဒေတွေကို ဖျက်သိမ်း၊ ပြင်ဆင်၊ အသစ်ပြဌာန်းတာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ရေးဆွဲပြီး လုပ်ဆောင်ခြင်းအားဖြင့် အထောက်အကူဖြစ်စေလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း၊ ဒါ့ကြောင့် ဖွဲ့စည်းပုံအသစ် ရေးဆွဲနိုင်ဖို့ ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ သဘောထားအမြင်တွေကို ရယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပေါ်ပေါက်လာမယ့် ဥပဒေသစ်အရ မြန်မာနိုင်ငံသားဖြစ်မှုဟာ မြန်မာနိုင်ငံအတွင်း မွေးဖွားခြင်း၊ ဒါမှမဟုတ် မည်သည့်နေရာတွင်ဖြစ်စေ မြန်မာနိုင်ငံသားမိဘများမှ မွေးဖွားသူဖြစ်ခြင်းကို အခြေခံမယ်လို့ NUG က ရေးသားထားပါတယ်။

အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ရိုဟင်ဂျာတွေအနေနဲ့ မူလနေရပ်ကို ဂုဏ်သိက္ခာရှိရှိ လုံခြုံစွာ ပြန်လည်အခြေချနိုင်ရေးဟာလည်း အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုဖြစ်တဲ့အတွက် ဒီလိုဆောင်ရွက်နိုင်ဖို့ကို အိမ်နီးချင်းနိုင်ငံတွေနဲ့ သဘောတူစာချုပ်တွေကို ထပ်လောင်းအတည်ပြုထားပြီး၊ ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်မယ့် အထူးအစီအစဉ်တစ်ရပ်ကို သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့လည်း NUG က ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။