လေကြောင်းရန်နဲ့ ဓာတုလက်နက်ဘေး ကာကွယ်နေထိုင်ရေးနည်းတွေ NUG ထုတ်ပြန်

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေချိန်မှာ လေကြောင်းတိုက်ခိုက်မှုရန်ကနေ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကာကွယ်နေထိုင်နည်းနဲ့ ဓာတုလက်နက်ဘေးအန္တရာယ်ကာကွယ်ရေးနည်းလမ်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာတဲ့အခါ စိတ်ကိုငြိမ်ငြိမ်ထားပြီး အနီးဆုံးအကာအကွယ်ရှာကာ အနိမ်ဆုံးနေရာတွင်နေထိုင်ဖို့၊ အကာအကွယ်မရှိပါက မြေအနိမ့်ဆုံးနေရာကို ရှာပြီးဝပ်နေဖို့၊ ခေါင်းကိုလက်ဖဝါးနဲ့အုပ်၊ နားကိုလက်ဖျံနဲ့ပိတ်၊ တံတောင်ကိုမြေမှာ ထောက်ပြီး မှောက်နေဖို့နဲ့ ပါးစပ်ကို အနည်းငယ်ဟပြီး မျက်စိကို ပိတ်ထားဖို့ လိုအပ်တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် ဦးတည်ရာမဲ့ထွက်မပြေးဖို့၊ ထွက်မကြည့်ဖို့၊ ဗီဒီယို၊ ဓာတ်ပုံတွေ မရိုက်ဖို့၊ မာကျောတဲ့ နံရံတွေမှာ ခေါင်းကိုကပ်ထားတာမလုပ်ဖို့ မှန်၊ ပြတင်းပေါက်အနီးမှာ မနေဖို့နဲ့ ဗုံးခိုကျင်းမဟုတ်တဲ့ နေရာတွေမှာ လူအများစု စုမနေဖို့ကိုလည်း နှိုးဆော်ထားပါတယ်။
လေကြောင်းတိုက်ခိုက်မှု လုံးဝငြိမ်သွားချိန်မှသာ ပုန်းအောင်းရာနေရာကနေ ထွက်ဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ဓာတုလက်နက်များကျရောက်တဲ့နေရာအနီးကို အကာအကွယ်ဝတ်စုံများမပါဘဲသွားတာ၊ လက်ဗလာနဲ့ ပစ္စည်းတွေကိုကိုင်တွယ်တာ၊ လူနာတွေကိုကြည့်ရှုတာမလုပ်ဖို့ ၊ အဆိပ်ဓာတ်ငွေ့တွေဟာ ထိတွေ့၊ ရှူရှိုက်၊ မြိုချမိရင် အရေပြား၊ မျက်လုံး၊ အသက်ရှူလမ်းကြောင်း၊ ပါးစပ်တို့ကနေ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ မြန်မာနိုင်ငံအတွင်း အသေးစား နျူကလီးယားဓာတ်ပေါင်းဖို တစ်ခုတည်ဆောက်ဖို့နဲ့ နျူကလီးယားစွမ်းအင်ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလက်မှတ်ရေးထိုးထားပြီး ဖြစ်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ စစ်တပ်ဟာ ၁၉၈၀ ခုနှစ်ဝန်းကျင်က ပဲခူးတိုင်း၊ ထုံးဘိုမှာရှိတဲ့ ဓာတုလက်နက်ထုတ်စက်ရုံကနေ ဆာလဖာဓာတုအဆိပ် (sulfur mustard) တွေ စမ်းသပ်ထုတ်လုပ်ခဲ့ဖူးတာမို့ စစ်ကောင်စီကို မျက်ခြည်မပြတ်ဖို့ နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက အောက်တိုဘာလ ၂၉ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဒီသတိပေးနှိုးဆော်ချက်တွေကို ပြည်သူ့လုံခြုံရေးဆိုင်ရာ လက်စွဲစာအုပ်၊ ဗြိတိန်နိုင်ငံလေကြောင်း ကြိုတင်ကာကွယ်မှုများလက်စွဲစာအုပ်၊ အမေရိကန်ပြည်ထောင်စု၊ Portland Gov က ထုတ်ပြန်တဲ့ လေကြောင်းဝင်ရောက်စီးနင်းမှုတစ်ခုအတွင်း ဘာလုပ်ရမလဲဆိုတဲ့နှိုးဆော်ချက်နဲ့ CDC က ထုတ်ပြန်တဲ့ ပေါက်ကွဲမှုတွေနဲ့ ပေါက်ကွဲမှုထိခိုက်ဒဏ်ရာတွေအကြောင်း ထုတ်ပြန်ချက်တွေကို ကိုးကားထားတယ်လို့ ပြောပါတယ်။