စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ NLD နဲ့ အတိုက်အခံအင်အားစုတွေ ဆွေးနွေး

RFA Burmese
2023.01.28
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ NLD နဲ့ အတိုက်အခံအင်အားစုတွေ ဆွေးနွေး နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက်မှ NLD ပါတီ မဲဆွယ်စည်းရုံးရေးအား ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ဆန့်ကျင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နဲ့ အတိုက်အခံအင်အားစုတွေ ဆွေးနွေးခဲ့တယ်လို့ ဇန်နဝါရီလ ၂၈ ရက်မှာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က သတင်းထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ဖွဲ့စည်းထားတဲ့ တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်း ကော်မတီဟာ NLD ပါတီ ဗဟိုအလုပ်ကော်မတီနဲ့ သပိတ်အင်အားစုတွေကို ဇန်နဝါရီလ ၂၅ ရက်မှာ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆွေးနွေးပွဲမှာ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ လုပ်ဆောင်မယ့် လုပ်ငန်းအသေးစိတ်ကိုတော့ NUCC ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

NLD ပါတီ ဗဟိုအလုပ်ကော်မတီက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းမှုနဲ့ လုပ်ငန်းစဉ်တွေကို အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၈ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီက ယခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ဖို့ အိမ်ထောင်စုစာရင်း ကောက်ယူတာ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပြဋ္ဌာန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။