အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကြောင့် လူ ၁၇ဝ နီးပါး သေဆုံးခဲ့တယ်လို့ NUG ကြေညာ

စစ်တပ်က အာဏာသိမ်းပြီးနောက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ရာမှာ လူ ၁၇ဝ နီးပါး အသတ်ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေလ ၂၅ ရက်နေ့က ကြေညာလိုက်ပါတယ်။
NUG ရဲ့စာရင်းထဲမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က ဖြစ်စဉ်တွေ ပါဝင်ပါတယ်။
စစ်ကောင်စီက ၂ဝ၂၁ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ယင်းရွာနဲ့ ကုန်းသာရွာနားမှာ ရွာခံ ၁၅ ဦးကို တစ်နေရာတည်း၊ တစ်ချိန်တည်းမှာ သတ်ဖြတ်ခဲ့တယ်လို့ NUG က လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့လူမှုကွန်ရက် ဖေ့ဘွတ်စ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အဲဒီနောက် ဇူလိုင် ၂၆ ကနေ ၃၁ ရက်နေ့အထိ ကနီမြို့နယ်ထဲကပဲ ယင်းရွာ၊ ကြက်ချောင်းတောတိုက်ရွာနဲ့ တောင်ပေါက်ရွာတို့မှာ အသတ်ခံရသူတွေ ဆက်တိုက်ရှိလာခဲ့ရာမှာ ဇူလိုင်တစ်လအတွင်းမှာတင် ၄ဝ ကျော် အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့မှာတော့ စစ်ကိုင်းတိုင်းကပဲ ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာက ၁၄ နှစ်ကနေ ၁၇ နှစ်ကြား လူငယ်လေးယောက် အပါအဝင် ဒေသခံ ၁ဝ ယောက်ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
NUG ရဲ့ စာရင်းထဲမှာ ဒီဇင်ဘာလ ၂၄ ရက်က ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာမှာ Save the Children က ဝန်ထမ်းနှစ်ဦးနဲ့ အမျိုးသမီး၊ ကလေးငယ်တွေ အပါအဝင် လူ ၄၉ ဦးကို မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်လည်း ပါဝင်ပါတယ်။
၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့မှာ ချင်းပြည်နယ် မတူပီမြို့နယ်က ဒေသခံ ၁၁ ဦး အဖမ်းခံရပြီး အသတ်ခံခဲ့ရတယ်လို့ NUG ရဲ့စာရင်း ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီအတွင်းမှာတော့ စစ်ကိုင်းတိုင်းထဲမှာပဲ မြင်းမူမြို့နယ်၊ ဘဒတ္ထိုင်းကျေးရွာမှာ ရှစ်ဦး၊ ကလေးမြို့နယ်မှာ သုံးဦး မကွေးတိုင်း ဂန့်ဂေါမြို့နယ် ရွှေဘိုရွာက ရွာသား ငါးဦးတို့ ထပ်မံမီးရှို့သတ်ဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မတ်လအတွင်းမှာတော့ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အုတ်ဖိုရွာမှာ PDF သုံးဦးနဲ့ ဒေသခံတစ်ဦး၊ စုစုပေါင်းလေးဦး မီးရှို့သတ်ဖြတ်ခံခဲ့ရပါတယ်။
ဧပြီလအတွင်းမှာလည်း ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် ပဲရင်းတောင်ရွာမှာ ရွာသားကိုးဦး အသတ်ခံခဲ့ရပါတယ်။
မေလအတွင်းမှာ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှာ မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၂၈ လောင်းကို မှတ်တမ်းတင် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဒီလိုအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေဟာ သာမန်လူ့အခွင့်အရေးချိုးဖောက်မှု မဟုတ်တော့ဘဲ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ပွဲဆိုင်ရာရာဇဝတ်မှု၊ လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်စေတဲ့ ရာဇဝတ်မှုတွေမှာ အကျုံးဝင်တဲ့အတွက် ကျူးလွန်သူတွေက ကြီးမားတဲ့ ပြစ်ဒဏ်တွေ ကျခံရမှာဖြစ်တယ်လို့လည်း NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ရေးသားထားပါတယ်။
ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေဟာ NUG ဆီ မရောက်တဲ့စာရင်းတွေလည်း ရှိသေးတဲ့အတွက် ပေးပို့ကြဖို့ ဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းထားပါတယ်။
NUG က အခုလိုထုတ်ပြန်ထားတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကို RFA က မရသေးပါဘူး။