နတ်သံကွင်းမြို့ကို ထိန်းချုပ်ထားနိုင်ကြောင်း NUG ပြော

RFA Burmese
2023.12.28
နတ်သံကွင်းမြို့ကို ထိန်းချုပ်ထားနိုင်ကြောင်း NUG ပြော စစ်ကောင်စီတပ်၏ ကျီးပင်ပေါက်တပ်စခန်းနှင့် လည်ပတ်တပ်စခန်းတို့မှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် K.N.L.A မှ ထုတ်ပြန်ခဲ့စဉ်။
𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့က တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီးနောက် လက်ရှိမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက မြို့ကို ထိန်းချုပ်ထားတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ကစလို့ ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ပေါ်နဲ့ လပတ်ရွာ အပါအဝင် ကျောက်တံခါးမြို့နယ်က နရွဲပင်နဲ့ အုန်းနှဲပင်ရွာက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲရဲ့ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးကလည်း နတ်သံကွင်းမြို့ကို ထိန်းချုပ် ထားနိုင်ကြောင်း နိုဝင်ဘာလ ၂၇ ရက်နေ့မှာ RFA ကို ဖြေဆိုထားပါတယ်။

“စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးပစ်ကူနဲ့ စစ်ကူတွေ တိုက်နေတဲ့ ကြားက ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ နတ်သံကွင်းမြို့ကို ထိန်းချုပ်ထားနိုင် ပါပြီ။ အလုံးစုံ ထိန်းချုပ်ထားနိုင်ဖို့ နယ်မြေရှင်းလင်းရေး လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေပါတယ်”

ဒီတိုက်ပွဲတွေအတွင်း နှစ်ဖက်တပ်တွေက ထိခိုက်သေဆုံးမှုတွေ ရှိသလို ကလေးငယ်တွေ အပါအဝင် အရပ်သား သေဆုံးမှုတွေလည်း ရှိတယ်လို့ ဒီတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အရပ်သားတွေရဲ့ သေဆုံးထိခိုက်မှု အရေအတွက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ၊ တိုင်းစီးပွားရေး ဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ကျောက်တံခါးနဲ့ ကျောက်ကြီးမြို့နယ်ထဲက စစ်တပ်စခန်းတွေကို ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ PDF၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တောင်းပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲအနေနဲ့ စစ်တောင်း မြစ်ဝှမ်းတစ်ခုလုံးကို စစ်ဆင်ရေး တိုးမြှင့်တော့မှာဖြစ်လို့ ပြည်သူတွေ ဘေးအန္တရာယ်ကင်းဝေးရေး ကြိုတင်ပြင်ဆင်ထားဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ ပဲခူးတိုင်းအရှေ့ခြမ်းက တိုက်ပွဲတွေနဲ့ ပစ်ခတ်မှုတွေ အတွင်း နိုဝင်ဘာလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ အရပ်သား ၂၆ ဦး သေဆုံးပြီး ၇၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။