တော်လှန်ရေးအောင်မြင်ဖို့ အပြောင်းအလဲတွေ လုပ်မယ်လို့ NUG ဝန်ကြီးချုပ်ပြော

RFA Burmese
2025.01.02
တော်လှန်ရေးအောင်မြင်ဖို့ အပြောင်းအလဲတွေ လုပ်မယ်လို့ NUG ဝန်ကြီးချုပ်ပြော ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့က အွန်လိုင်းမှတစ်ဆင့် နှစ်သစ်ဆုတောင်းစကား ပြောကြားနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း။
Photo: NUG

၂၀၂၅ ခုနှစ်မှာ တော်လှန်ရေးအောင်မြင်ဖို့အတွက် လိုအပ်တဲ့အပြောင်းအလဲတွေကို ရဲရဲဝံ့ဝံ့ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောလိုက်ပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့က နှစ်သစ်ကူးမိန့်ခွန်းမှာ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုထည့်သွင်းပြောကြားခဲ့တာပါ။

"၂၀၂၅ ခုနှစ်မှာ တော်လှန်ရေး အောင်မြင်ဖို့အတွက် လိုအပ်တဲ့အပြောင်းအလဲတွေကို တွန့်ဆုတ်နေမှာမဟုတ်ဘဲ ရဲရဲဝံ့ဝံ့ ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းကိုလည်း အလေးအနက်ထား ပြောကြားလိုပါတယ်"

NUG အစိုးရအနေနဲ့ တော်လှန်ရေးအတွက် ပိုမိုကောင်းမွန်ထိရောက်တဲ့ စုဖွဲ့လုပ်ဆောင်မှုတွေကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမှာဖြစ်သလို ဦးဆောင်မှုလိုအပ်ချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အုပ်ချုပ်ရေးဆိုင်ရာ၊ စစ်ရေးဆိုင်ရာ အားနည်းချက်တွေကိုလည်း ကြိုးစားပြင်ဆင်သွားဖို့ အသင့်ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ နှစ်သစ်ကူးနေ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာလည်း NUG အစိုးရအဖွဲ့အတွင်း လက်ရှိအခြေအနေထက် ပိုမိုကျယ်ပြန့်စွာ ဦးဆောင်နိုင်တဲ့သူတွေကို လိုအပ်နေကြောင်းနဲ့ အစားထိုးတာဝန်ယူနိုင်သူတွေရှိရင် တာဝန်လွှဲပြောင်းပေးမယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

မန်းဝင်းခိုင်သန်းရဲ့ မိန့်ခွန်းမှာတော့ ပြည်သူကို မျက်နှာမမှုတဲ့လုပ်ရပ်တွေ၊ ဥပဒေလုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်တာတွေ၊ တော်လှန်ရေးထက် မိမိအကျိုးစီးပွားကို ကြည့်သူတွေအားလုံးကို ထိရောက်စွာအရေးယူနိုင်ဖို့လည်း ဆောင်ရွက်သွားမှာဖြစ်သလို ဥပဒေနဲ့ ပြည်သူအထက်မှာ ဘယ်သူမှ မရှိစေရဆိုတဲ့ မူကို ဆုပ်ကိုင်သွားမယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

၂၀၂၄ ခုနှစ်အတွင်းမှာ သင်ခန်းစာယူရမယ့် ပြုပြင်ပြောင်းလဲရမဲ့ ကိစ္စတွေလည်းရှိခဲ့ပြီး အုပ်ချုပ်ရေး၊ စစ်ရေးဆိုင်ရာ တာဝန်ရှိသူတချို့ရဲ့ ပြည်သူလူထုအပေါ် မျက်နှာမူမှု အားနည်းတဲ့ဆောင်ရွက်ချက်တွေ၊ တော်လှန်ရေးမှာ ပါဝင်နေပေမဲ့ တော်လှန်ရေးစံနှုန်းတွေကို သွေဖည်သွားတဲ့လုပ်ရပ်တွေ၊ စိတ်ခံစားချက်တွေအပေါ် ရှေ့တန်းတင်ပြီး နားလည်မှု၊ စည်းလုံးမှုတွေကို ပျက်ပြားစေခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့တယ်ဆိုလို့လည်း ဝန်ခံခဲ့ပါတယ်။

၂၀၂၄ ခုနှစ်ဟာ တော်လှန်ရေးအင်အားစုတွေအကြား ယုံကြည်မှု၊ နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ သမိုင်းတစ်လျှောက် အားအကောင်းဆုံး ရှိခဲ့တဲ့နှစ်လို့ ပြောနိုင်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဝန်ထမ်းတွေကိုလည်း မိမိအနာဂတ်နဲ့ မိသားစုအနာဂတ်အတွက် သေချာစဉ်းစားရမယ့် အချိန်ရောက်ကြောင်းနဲ့ ပြည်သူ့ဘက်ကူးပြောင်းဖို့လည်း NUG ဝန်ကြီးချုပ်က ဖိတ်ခေါ်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။