NUG၊ PDF အဖွဲ့တွေကို ကူညီတဲ့ EAO တွေကို စစ်ကောင်စီဥက္ကဋ္ဌ ခြိမ်းခြောက်

RFA Burmese
2023.03.27
NUG၊ PDF အဖွဲ့တွေကို ကူညီတဲ့ EAO တွေကို စစ်ကောင်စီဥက္ကဋ္ဌ ခြိမ်းခြောက် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က ကျင်းပသည့် ၇၇ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် တွေ့ရစဉ်။
HANDOUT / MYANMAR MILITARY INFORMATION TEAM / AFP

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NUG၊ PDF အဖွဲ့တွေကို ကူညီပံ့ပိုး နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေကို ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်မယ်လို့ ပြောဆိုလိုက် ပါတယ်။ ဒီနေ့ မတ်လ ၂၇ ရက် နေပြည်တော်မှာ ကျင်းပတဲ့ ၇၈ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမိန့်ခွန်းမှာ ထည့်သွင်းပြောဆို ခဲ့တာပါ။

"တို့တပ်မတော်အနေနဲ့ အစိုးရက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်ငါးရပ်နဲ့ အညီ နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ လုံခြုံရေးနဲ့ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိစေရန် အလေးပြု လုပ်ဆောင်သွားမှာဖြစ်တယ်၊ အဲဒီလိုလုပ်ဆောင်ရာမှာ NUGနဲ့ အကြမ်းဖက်အဖွဲ့အစည်း တွေ ၎င်းတို့ကို ကူညီနေတဲ့ EAO တွေကို ပြတ်ပြတ်သားသား အရေးယူသွားမှာပဲ ဖြစ်ပါတယ်"

"ကျနော်တို့ PDF နဲ့ NUG ကိုကူညီပေးနေတဲ့ EAO တွေကို လုပ်ဆောင်မယ်ဆိုတာက စစ်ခေါင်းဆောင်က လူမိုက်ဆန်ဆန် PDF တွေကို ချိန်းဆိုလိုက်တယ်လို့ ထင်ပါတယ်"

အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ NUG က ပေါက်ဖွားလာတဲ့ PDF အပါအဝင် အဖွဲ့အစည်း တွေနဲ့ သူတို့ကို ကူညီနေတဲ့ အချို့သော EAO တွေရဲ့ နိုင်ငံအပေါ် ပျက်စီးရာပျက်စီးကြောင်း ကြံစည်လုပ်ဆောင်မှု တွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေကတော့ ဒီပြောဆိုချက်တွေဟာ ခြိမ်းခြောက်မှုသာ ဖြစ်တယ်လို့ တုံ့ပြန်ကြပါတယ်။

ကရင်နီတပ်မတော် (Karenni Army) ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခူထဲဘူးက စစ်ကောင်စီဥက္ကဋ္ဌရဲ့ ပြောဆို ချက်ကြောင့် ညှိယူစရာ အကြောင်းမရှိဘူးလို့ ပြောပါတယ်။

"သူတို့စကားနဲ့ဆိုရင်လေ အရေးယူဆောင်ရွက်တာ၊ နှိပ်စက်ညှဉ်းပန်းတာက အခုမှ လုပ်နေတာ မဟုတ်ဘူး။ တိုင်းရင်းသားတွေအပေါ် လုပ်နေတာ နှစ်ပေါင်းကြာနေပြီ။ ဆယ်စုနှစ်ပေါင်းများစွာ လုပ်ခဲ့ပြီးပြီ။ အဲဒါကိုလည်း ထပ်ပြီး အရေးယူဆောင်ရွက်ဦး မယ်ဆိုတဲ့အပေါ် ညှိစရာအကြာင်းမရှိဘူး။ ဒီလိုပဲ ရှင်သန်ပြီးတော့ တိုက်ပွဲဝင်နေမှာပဲ။ ကျနော်တို့ဘက်က သူတို့ပြင်းပြင်းထန်ထန်ပြောလာလေ သူတို့အတွက် ပိုပြီးတော့ ဆုံးရှုံးမှုဖြစ်လေလေလို့ပဲ ကျနော်မြင်ပါတယ်။ သူတို့အင်အားရှိသမျှ ကမ်းကုန်အောင် လုပ်နေတာပေါ့။ ဒီအပေါ်မှာ လူထုက မပါဝင်သလို လျှော့မှာလည်း မဟုတ်တဲ့အတွက် ဒါက သူတို့ကံကြမ္မာ သူတို့ ဖန်တီးတာပဲလို့ ပြောချင်တယ်"

စစ်အာဏာရှင်စနစ်ကို နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ PDF တွေနဲ့အတူ အဆုံးထိတိုက်ပွဲဝင်မယ်လို့လည်း သူက ပြောပါတယ်။

နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ငွေစိုးကလည်း စစ်ကောင်စီဥက္ကဋ္ဌရဲ့ ပြောဆို မှုဟာ လူမိုက်ဆန်ဆန်ခြိမ်းခြောက်မှုသာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

"ကျနော်တို့ PDF နဲ့ NUG ကိုကူညီပေးနေတဲ့ EAO တွေကို လုပ်ဆောင်မယ်ဆိုတာက စစ်ခေါင်းဆောင်က လူမိုက် ဆန်ဆန် PDF တွေကို ချိန်းဆိုလိုက်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အဲဒါက သူက နောက်ဆုံးထွက်သက်ထိကို မာန်မလျှော့တဲ့ ပုံစံပေါ့ ဒါပေမဲ့ မဖြစ်နိုင်ပါဘူး။ တော်လှန်ရေးအင်အားစုတွေ NUG နဲ့ PDF၊ EAO တွေက စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့ နှစ်နှစ် နောက်ပိုင်းမှာတောင်မှ တိုးတက်ပြောင်းလဲမှုတွေက အများကြီး ရှိခဲ့ပါပြီ"

NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များ ၂၀၂၂ ခုနှစ်၊ မေလ ၃၀ ရက်နေ့က တွေ့ဆုံခဲ့ကြစဉ်။ (Photo: Acting President Duwa Lashi La)
NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များ ၂၀၂၂ ခုနှစ်၊ မေလ ၃၀ ရက်နေ့က တွေ့ဆုံခဲ့ကြစဉ်။ (Photo: Acting President Duwa Lashi La)

မတ်လ ၂၆ ရက် မနေ့က နေပြည်တော်စစ်ရေးပြလေ့ကျင့်ရေးကွင်းကို ၁၀၇ မမ ရှော့ခ်တိုက်ဒုံး လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။

အဲဒီနောက်မှာ မြို့အဝင်အထွက် ဂိတ်တွေနဲ့ လူစည်ကားရာဈေးနဲ့ လမ်းတွေပေါ်မှာ လုံခြုံရေးနှစ်ဆလောက် တိုးချပြီး တင်းကျပ်လိုက်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ဒီနေ့ ၇၈ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို နေပြည်တော်မှာကျင်းပနေချိန်မှာပဲ ရန်ကုန်အပါအဝင် နယ်မြို့ အချို့မှာ အတိုက်အခံအင်အားစုတွေက နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်ဆန္ဒထုတ်ဖော်တာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီက ဒီနေ့ အခမ်းအနားမှာ စစ်ရေးပြပွဲတွေကို ထည့်သွင်းပြသတာဟာ သူတို့အင်အားတွေကို အားလုံး သိအောင် ထုတ်ပြချင်တဲ့သဘောဖြစ်တယ်လို့ ယူဆကြောင်း ရန်ကုန် တ.က.သ ကျောင်းသားဟောင်းများ အင်အားစုက ကိုနန်းလင်းက ဝေဖန်ပါတယ်။

"လွန်ခဲ့တဲ့ နှစ်နှစ်က သူတို့ရဲ့ စစ်ရေးပြပွဲတွေက သူတို့ အင်အား ဘယ်လောက်ကြီးမား ကြောင်း၊ သူတို့ ဘယ်လို မျိုး တိုင်းပြည်ကို ထိန်းချုပ်ထားနိုင်ကြောင်း သူတို့က နိုင်ငံတကာကို ပြသဖို့ ရည်ရွယ်ပြီးတော့ အင်အားကိုပြ တာပေါ့လေ။ ဒီလိုမျိုး အနေ အထားရှိတယ်။ ဒါပေမဲ့ ဒီနှစ် သူတို့အပြော တပ်မတော်နေ့ စစ်ရေးပြပွဲကတော့ သူတို့ အချင်းချင်းကြားမှာ ပြန်ပြီးတော့ နိုင်ငံတကာမပြောနဲ့၊ ပြည်သူမပြောနဲ့ သူတို့စစ်တပ် အသိုင်းအဝိုင်း၊ စစ်အုပ်စု အသိုင်းအဝိုင်းကို ပြန်ပြီးတော့မှ စိတ်တက်ကြွအောင် သူတို့ စည်းလုံးအောင် ပြသနေရတယ်။ သူတို့မှာ အင်အား ရှိနေသေးတယ်ဆိုတာကို ပြသတဲ့ပွဲ ပုံစံမျိုး ဖြစ်သွား တယ်လို့ပဲ ကျနော်ကတော့ မြင်တယ်"

၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၇၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား။ (Photo: STR / AFP)
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ၇၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား။ (Photo: STR / AFP)

စစ်ကောင်စီတပ်ဟာ အရင်ကတည်းက တိုင်းရင်းသားနယ်မြေတွေမှာ အင်အားသုံး ထိုးစစ်ဆင်နေတာဖြစ်လို့ လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ထားတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

"မင်းအောင်လှိုင်အနေနဲ့ ကတော့ တော်လှန်ရေးနေ့ မိန့်ခွန်းမှာ ထည့်ပြောသွားတာက ပြောတာတောင် နောက် ကျနေသေးတယ်။ သူမပြောခင်ထဲက တချို့သော တိုင်းရင်းသား နယ်မြေတွေမှာ လေယာဉ်နဲ့ ဗုံးကြဲတာတွေ၊ စစ်ကြောင်းထိုးတာတွေ ဒါတွေလည်း တောက်လျှောက်လုပ်လာနေတာပေါ့။ ကျနော်တို့ NUG၊ PDF တွေရော တိုင်းရင်းသားအင်အားစုတွေကရော အကုန်လုံးက ဒီကိစ္စက ကြိုတင် တွေးဆပြီးတော့မှ ဒါပြင်ဆင်ထားပြီး ဖြစ်ပါတယ်"

စစ်ကောင်စီ အာဏာသိမ်းကာစ ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့မှာ နိုင်ငံတစ်ဝန်းက ဆန့်ကျင် ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်း ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့ရ တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။

ဒီနေ့ စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ တပ်မတော်နေ့ကို စစ်တပ်အသိုင်းအဝိုင်းနဲ့ အနုပညာရှင်တချို့သာ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။