စစ်ကောင်စီဆန့်ကျင်ရေး ကိုးကန့်တပ်နဲ့ ပူးပေါင်းလိုကြောင်း NUG ပြော

RFA Burmese
2023.03.11
စစ်ကောင်စီဆန့်ကျင်ရေး ကိုးကန့်တပ်နဲ့ ပူးပေါင်းလိုကြောင်း NUG ပြော မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။
MNDAA ပြန်ကြားရေး

အာဏာသိမ်းထားတဲ့ စစ်ကောင်စီဆန့်ကျင်ရေးအတွက် ကိုးကန့်တပ်လို့ လူသိများတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ ပူးပေါင်း ဆောင်ရွက်လိုတယ်လို့ မတ်လ ၁၁ ရက် MNDAA တည်ထောင်မှု ၃၄ နှစ်ပြည့်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သဝဏ်လွှာပို့ ပြောဆိုခဲ့ပါတယ်။

NUG အနေနဲ့ အာဏာရှင်စနစ်ကို အမြစ်ပြုတ်တိုက်ဖျက်နိုင်ပြီး ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ အပြည့်အဝ အာမခံနိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကိုထူထောင်ရေး ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ဒီအတွက်ကြောင့် စစ်တပ်နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး ကိစ္စရပ်တွေမှာ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒပြင်းပြ နေတယ်လို့လည်း ဦးရည်မွန်က ပြောဆိုထားပါတယ်။

ကိုးကန့်တပ်ကို ဦးဖုန်ကြားရှင်က ၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး တည်ထောင်ခဲ့တာပါ။ ဦးဖုန်ကြားရှင်ကတော့ ၂၀၂၂ ခုနှစ်အတွင်း ကွယ်လွန်ခဲ့တာကြောင့် လက်ရှိမှာ ဖုန်တာရွှင်က ဦးဆောင်နေတာပါ။

၁၉၈၉ ခုနှစ်မှာ နဝတ အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ ကိုးကန့်တပ်ဟာ ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရေးကို လက်မခံတာကြောင့် ကိုးကန့်ဒေသမှာ တိုက်ပွဲတွေပြင်းထန်ပြီး သူတို့ထိန်းချုပ်ဒေသကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

ကိုးကန့်တပ်က သူတို့လက်လွှတ်ခဲ့ရတဲ့ ကိုးကန့်ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီလိုကြိုးစားတာမှာ ကိုးကန့်ရဲ့ စစ်ရေးမဟာမိတ်တွေဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA) တို့က ကိုးကန့်နဲ့အတူ ရပ်တည်တိုက်ခိုက်သွားမယ်လို့ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။