ကောလင်း ပုဂ္ဂလိကဘဏ်တွေက ငွေကျပ် ၄၄ ဘီလီယံကျော်ကို သိမ်းဆည်းထားကြောင်း NUG ထုတ်ပြန်

RFA Burmese
2023.11.30
ကောလင်း ပုဂ္ဂလိကဘဏ်တွေက ငွေကျပ် ၄၄ ဘီလီယံကျော်ကို သိမ်းဆည်းထားကြောင်း NUG ထုတ်ပြန် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ကောလင်းခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်မှ သိမ်းဆည်းရရှိသော လက်ကျန်ငွေကြေးများအား တွေ့ရစဉ်။
Central Bank of Myanmar

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့က ပုဂ္ဂလိကဘဏ်ခွဲငါးခုကနေ ငွေကျပ် ၄၄ ဘီလီယံကျော်ကို သိမ်းဆည်းထားတယ်လို့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ NUG ရဲ့ ကြားကာလဗဟိုဘဏ်က သတင်းထုတ်ပြန်ပါတယ်။

ကောလင်းမြို့ရှိ ကမ္ဘောဇဘဏ်ခွဲက ကျပ် ၃၂ ဘီလီယံကျော်၊ မြန်မာ့ရှေ့ဆောင်ဘဏ်က ကိုး ဘီလီယံကျော်၊ ဧရာဝတီဘဏ်က နှစ် ဘီလီယံကျော်နီးပါး၊ ကမ္ဘာ့ရတနာဘဏ်က ကျပ်သိန်း ၃,၁၀၀ ကျော်၊ Tun Commercial Bank က ကျပ်သိန်း ၂၈၀၀ ကျော်နဲ့ စုစုပေါင်း ၄၄ ဘီလီယံကျော် သိမ်းဆည်းထားတယ်လို့လည်း ဆိုပါတယ်။

တချို့ပုဂ္ဂလိကဘဏ်တွေမှာ လုံခြုံရေးစည်းကျိုးပေါက်ပြီး ဘဏ်ငွေတိုက်ခန်း (Vault) ကို ဖောက်ထွင်းဝင်ရောက်ရန် ကြိုးစားထားတဲ့ အထောက်အထားတွေ တွေ့ရပြီး အချိန်မီကာကွယ်တားဆီးနိုင်ခဲ့တာကြောင့် ပြည်သူတွေရဲ့ အပ်နှံငွေတွေ ဆုံးရှုံးမှုမရှိခဲ့ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီသိမ်းဆည်းငွေတွေကို မှတ်တမ်းတင်ကာ အပ်နှံငွေမဆုံးရှုံးရန် အာမခံပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအဖြစ် စီမံခန့်ခွဲသွားမယ်လို့လည်း ဆိုပါတယ်။

ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်တစ်ခုကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက ဒေသခံဘဏ်ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး ငွေတွေလုယူခဲ့တာကြောင့် ဘီလီယံ ၄၀ ကျော် ဆုံးရှုံးခဲ့ကြောင်းနဲ့ ပုဂ္ဂလိကဘဏ်လုံခြုံရေးတွေကို ရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်သားတွေက ဆောင်ရွက်ပေးနေတယ်လို့ နိုဝင်ဘာလ ၂၉ ရက်နေ့ကပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

မြန်မာ့စီးပွားရေးဘဏ်ကနေ ကျပ်သန်း ၉၅၀ ကျော် သိမ်းဆည်းရရှိထားတယ်လို့ နိုဝင်ဘာလ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ကောလင်းမြို့ကို NUG လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) စတဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာလ ၆ ရက်နေ့မှာ သိမ်းဆည်းခဲ့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။