တရုတ်နဲ့ အာဆီယံရဲ့မူဝါဒတွေကို NUG သတိထား စောင့်ကြည့်နေ

ခင်ခင်အိ (ဝါရှင်တန် ဒီစီ)
2021.06.09

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ပြန်လည်စတင်ဖို့ တရုတ်နိုင်ငံက လိုလားတဲ့အတွက်၊ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ချုံကျင်းမြို့မှာ ဇွန်လ ၇ ရက်နေ့ကစလို့ နှစ်ရက်ကြာ ပြုလုပ်ခဲ့တဲ့ တရုတ်-အာဆီယံအထူးအစည်းအဝေးမှာ ပြောကြားလိုက်တာပါ။

တရုတ်နဲ့ အာဆီယံတို့ လိုလားနေတဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဟာ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ကနေသွားမယ့် အသွင်ကူးပြောင်းရေး ဖြစ်တာကြောင့် ဒီလိုအခြေအနေ အခင်းအကျင်းမျိုး ဆက်သွားဖို့ မရှိတော့ဘူးလို့ NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ် ဇင်မာအောင်က တုံ့ပြန်လိုက်ပါတယ်။

“အာဆီယံနဲ့ တရုတ်နဲ့ ပြန်သွားနေတဲ့အနေအထားက ၂၀၀၈ အောက်ကို ပြန်သွားနေပြီးတော့ ဖေဖော်ဝါရီလ ၁ ရက်မတိုင်ခင်က အခင်းအကျင်းမျိုးကို ပြန်သွားဖို့ တိုက်တွန်းနေတဲ့ သဘောမျိုး တွေ့ရပါတယ်။ ဒါပေမဲ့ ဒီအခင်းအကျင်းက ပျက်သွားပြီလို့ ပြောချင်ပါတယ်။ ကျွန်မတို့အနေနဲ့ ၂၀၀၈ အောက်ကနေပြီးသွားမယ့် အသွင်ကူးပြောင်းရေး မှန်သမျှကို ဆက်သွားဖို့ မရှိတော့ပါဘူး။ ဒါကတော့ ပြည်သူလူထုအနေနဲ့ရော NUG အနေနဲ့ရော ဒါကသိပ်ကို သေချာတဲ့ကိစ္စဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ၂၀၀၈ အောက်က ပြန်သွားနေသမျှ စစ်တပ်က ( supremacy ) ပြန်လွှမ်းမိုးနိုင်ပြီးတော့ နိုင်ငံရေးမှာ စစ်မှန်တဲ့ တကယ့် ဒီမိုကရေစီစနစ်၊ တကယ့် ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို သွားနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုမျိုး အခင်းအကျင်းတွေပဲ ပြန်ပြီး ဖြစ်လာအုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ သွားလိုတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ နိုင်ငံရေးပန်းတိုင်နဲ့တော့ အာဆီယံနဲ့ တရုတ်ခေါင်းဆောင်တွေ ပြောတာက တော်တော်လေးကို ကွာခြားချက်ရှိနေတယ်လို့ ပြောချင်ပါတယ်။”

မြန်မာနိုင်ငံရဲ့အကျပ်အတည်းကို ဖြေရှင်းဖို့ တရုတ်နဲ့ အာဆီယံတို့ ကြိုးပမ်းကြတဲ့အထဲမှာ၊ NUG ကို လုံလောက်တဲ့ ထိတွေ့ဆက်ဆံမှုတွေ မရှိလို့ စိုးရိမ်ပူပန်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ထံ ဒေါ် ဇင်မာအောင် က မကြာသေးခင်ကပဲ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။

nug-support-hpakant.jpg
(၂၀၂၁၊ ဧပြီ ၂၆ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ တာမခန်မြို့သစ်မှာ ညသပိတ် ပြုလုပ်ခဲ့စဉ်၊ Photo: CJ)

တပ်မတော် အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ နိုင်ဆွေဦး ကတော့ တရုတ်နိုင်ငံဟာ အစိုးရအဆက်ဆက် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံ ဘက်ကနေ ရပ်တည်ပေးခဲ့တာကြောင့် လက်ရှိမှာလည်း အပြုသဘောဆောင်ပြီး ပူးပေါင်းလုပ်ဆောင်နေတယ် လို့ ပြောပါတယ်။

“တရုတ်နိုင်ငံဆိုတာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကိုတော့ အရင်ကတည်းက အစိုးရအဆက်ဆက် မြန်မာနိုင်ငံဘက်က ရပ်တည်ပြီးတော့ လုပ်ဆောင်ခဲ့တဲ့ အပိုင်းတွေ တွေ့တယ်။ သူကတော့ သူ့အိမ်နီးချင်း နိုင်ငံကို တည်ငြိမ်တာကိုတော့ လိုလားတဲ့ အနေအထားမျိုး ရှိနိုင်တယ်လို့ ကျွန်တော်တို့ မြင်တယ်။ သူ့နယ်စပ်နိုင်ငံက ပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေမျိုး ဖြစ်မှာကိုတော့ သူမလိုလားဘူးလို့ မြင်တယ်။ ဒီအတွက်လည်း ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ မြင်တယ်။ ရှေ့ဆက်ပြီးတော့လည်း တက်လာတဲ့ အစိုးရနဲ့ ပူးပေါင်းဆက်ဆံမယ့် အနေအထားဖြစ်တယ်လို့ မြင်တယ်။ တရုတ်နိုင်ငံဘက်ကတော့ အပြုသဘောနဲ့ပဲ ဆက်ပြီးတော့ ရှေ့ဆက်သွားမယ်လို့ မြင်ပါတယ်။”

မြန်မာ့နိုင်ငံရေးမှာ တရုတ်က ပါဝင်လာချိန်မှာ သမာသမတ်ဖြစ်ဖို့ဆိုရင် ပြည်သူတွေအနေနဲ့ စစ်အာဏာရှင် စနစ်ကို လုံးဝလက်မခံဘူးဆိုတာကို အဆက်မပြတ် ပြသနေဖို့ လိုအပ်တယ်လို့ တရုတ်နိုင်ငံမှာ နှစ်ပေါင်း များစွာ နေထိုင်တဲ့ မြန်မာ့နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော က တိုက်တွန်း ပါတယ်။

နိုင်ငံတိုင်းက မိမိနိုင်ငံ အကျိုးစီးပွားအပေါ်မှာ အခြေခံရပ်တည်တာဖြစ်တဲ့အတွက်၊ ကိုယ့်နိုင်ငံအတွက်ဆိုရင် မြန်မာပြည်သူတွေကပဲ ကိုယ့်အားကိုယ်ကိုးပြီး လုပ်ကြရမယ်လို့ ဒေါက်တာ လှကျော်ဇော က ပြောပါတယ်။

“တရုတ်ပဲဖြစ်ဖြစ်၊ အာဆီယံပဲဖြစ်ဖြစ် သူတို့က သံခင်း၊ တမန်ခင်းအရပဲ လုပ်မှာပဲ။ ဒါဟာ မြန်မာပြည် အရေးအတွက် ဘယ်လောက်အရေးပါတယ်။ မပါဘူးဆိုတာ ကျွန်မတို့က သိပ်စဉ်းစားဖို့မလိုဘူး။ ပြည်သူလူထုဘက်က အားတက်စရာကတော့ စစ်ကောင်စီ ပြောတိုင်း ဘယ်သူမှ မယုံဘူး။ စစ်ကောင်စီကို နည်းတစ်နည်းနဲ့ ဖိအားပေးတယ်လို့ပဲ သဘောထားရမှာပဲ။ ကျန်တာက ကျွန်မတို့ ပြည်သူတွေ ကိုယ့်အားကိုယ် ကိုးပြီး လုပ်စရာရှိတာ လုပ်ရမှာ။”

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက ဇွန် (၇) ရက်ကစလို့ နှစ်ရက်ကြာ ပြုလုပ်ခဲ့တဲ့ တရုတ်-အာဆီယံ အစည်းအဝေးမှာ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက်၊ အစုအဖွဲ့အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆိုတာဟာ တရုတ်ရဲ့ ဦးစားပေးလုပ်ငန်းစဉ် တစ်ရပ်ဖြစ်သလို၊ တည်ငြိမ်မှုတွေကို ထိန်းသိမ်းဖို့နဲ့ အကြမ်းဖက်မှု အားလုံးကို အဆုံးသတ်ဖို့လည်း လိုအပ်တယ်လို့ ပြောထားပါတယ်။

မစ္စတာ ဝမ်ယိ က အခုလိုတိုက်တွန်းနေပေမယ့် အာဆီယံခေါင်းဆောင်တွေရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုသာ တွေ့ဆုံခဲ့ပြီး၊ အဖမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို မတွေ့ခဲ့သလို၊ ဒီမတိုင်ခင် နေပြည်တော်ကို လာရောက်ခဲ့တဲ့ ရန်ကုန်ရှိ တရုတ် သံအမတ်ကလည်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့သာ သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့တဲ့အပေါ် နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ပြည်သူအများစုက ထောက်ပြဝေဖန်ထားပါတယ်။

"တရုတ်လို နိုင်ငံမျိုးက ဒီမိုကရေစီကို အားပေးတယ်ဆိုတာ ဘယ်လိုပဲ ကြားကောင်းအောင် ပြောပြော ယုံကြည်နိုင်စရာ မရှိဘူး"

တရုတ်အနေနဲ့ အတိတ်မှာ ကိုယ့်နိုင်ငံ အကျိုးစီးပွားထက် ဒီမိုကရေစီကို ထောက်ပံ့ကူညီတာမျိုး မရှိခဲ့တဲ့ အတွက်၊ တရုတ်နိုင်ငံကပြောတဲ့ ဒီမိုကရေစီဆိုတာကို အယုံအကြည်မရှိဘူးလို့ တရုတ်-မြန်မာ ဆက်ဆံရေး ဆောင်းပါးတွေ သုံးသပ်ရေးသားလေ့ရှိတဲ့ စာရေးဆရာ မင်းသေ့က သုံးသပ်ထားပါတယ်။

“နိုင်ငံရေးမှာ မေတ္တာ၊ စေတနာဆိုတာ မရှိဘူး။ ဒါကြောင့် ဒါကိုထည့်မတွက်ဘူး။ အထူးသဖြင့် အကျိုး စီးပွားရေးကိုပဲ တည်ပြီးစဉ်းစားတာ။ တရုတ်နိုင်ငံရဲ့သမိုင်းတွေကိုပဲ ကြည့်လိုက်။ တရုတ်နိုင်ငံက တတိယနိုင်ငံလို့ ခေါ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ထောက်ပံ့ကူညီတယ်။ ပူးပေါင်းလုပ်ဆောင်တယ်ဆိုတဲ့ အထဲမှာ ဒီမိုကရေစီကို အားပေး အားမြှောက်ပြုပြီးတော့ ထောက်ပံ့ကူညီတာ၊ ပူးပေါင်းလုပ်ဆောင်တာ ဘယ်လိုဖြစ်ရပ်မျိုး တွေ့ခဲ့ဖူးလို့လဲ။ တရုတ်မှာ အဲလိုသမိုင်းမျိုး မရှိဘူးလို့ထင်တယ်။ အထူးသဖြင့် သူက ကွန်မြုနစ်နိုင်ငံဖြစ်တဲ့အတွက် ကွန်မြူနစ်အားပေးပဲ လုပ်ခဲ့ဖူးတဲ့ ဖြစ်ရပ်မျိုးတွေ တွေ့ရတယ်။ တရုတ်လို နိုင်ငံမျိုးက ဒီမိုကရေစီကို အားပေးတယ်ဆိုတာ ဘယ်လိုပဲ ကြားကောင်းအောင် ပြောပြော ယုံကြည် နိုင်စရာ မရှိဘူး။”

တရုတ်နဲ့ အာဆီယံ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံအကျိုးရှိဖို့ထက် စစ်ကောင်စီအတွက် အကျိုးရှိဖို့ ကသာ ပိုများတယ်လို့ နိုင်ငံရေးလေ့လာသူအချို့က ထောက်ပြဝေဖန်နေသလို၊ မျိုးဆက်သစ် လူငယ်တွေ အပါအဝင် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူတွေကလည်း တရုတ်အနေနဲ့ အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ကို အားပေးတာ ထောက်ပံ့ကူညီတာတွေ မလုပ်ဖို့ ရန်ကုန်ရှိ တရုတ်သံရုံးရှေ့မှာ နေ့စဉ်လိုလို ကန့်ကွက်ဆန္ဒပြနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

M Peace Sprit
2021-06-09 22:12

တရုတ်က ပြောတယ် အကြမ်းဖက်မူတွေမဖြစ်ဖို့နဲ့ တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ဆိုတာက ဘယ်သူတွေက လုပ်နေတာလဲ ဘယ်သူက အလုပ်ခိုင်းထားတာလဲ မှန်မှာ ကြည့်ပြီး မေးဖို့ပြောဖိုလိုပါတယ်..နောက်....အာဆီယံ ဆိုတာ တရုတ်၏ ရုပ်သေး၊ တရုတ်၏ ဩဇာခံတွေပါ။ သူတို့ကိုယ်တိုင်က ဒီမိုကရေစီစနစ် မလိုက်နာ မကျင့်သုံးတဲ့ အများစု ဟန်ပြ ဒီမိုကရေစီနဲ့ ပြည်သူကိုဖိနှိမ့် ပြည်သူဆန္ဒကို ကိုယ်စားမပြုတဲ့နိုင်ငံတွေ ဖြစ်ကြတယ်။ အရေးပါတဲ့ လုပ်ဆောင်မူ သူတို့အဖွဲ့အတွင်းမှာ ဘာမှ လုပ်ဆောင်ထားနိုင်တာ မရှိပါဘူး။ သူတို့ရဲ့ charter ပဋိညာဉ်စာတမ်း မှာကိုက မည်သည့်သတ်မှတ်ချက် (ဉပမာ=မည်ကဲ့သို့သော စံ တန်ဖိုးတို့နဲ့ ပြီးပြည့်စုံတဲ့ အဖွဲ့အစည်းကို အဖွဲ့ဝင်အဖြစ် သတ်မှတ်ရမည်ဆိုတဲ့) တိကျတဲ့ သတ်မှတ်ချက်မရှိတဲ့ အဖွဲ့အစည်းပါ။ (charter ကိုလေ့လာပါ)။ အချိန်ကို သူတို့က အသုံးချပြီး ငါတို့ကို “စစ်ကျွန်မွေး” ပိုရှည်အောင်ပဲ လုပ်ကြမှာပါ။ သူတို့အများစု ကိုယ်တိုင်က မြန်မာပြည် လမ်းမှန်ပေါ် ရောက်သွားမှာကို အမြင်မှားယွင်းစွာနဲ့ပဲ မလိုလားကြပါ။ ငါတို့ တော်လှန်ရေးတိုက်ပွဲပြီးလျင် ပုံစံမကျတဲ့ အဲ့ဒီအာဆီယံက ထွက်ခွါကြမည်။ အာဆီယံဟာ တကယ်တော့ တရုတ်၏“သာကော plan-5” ချက်အရ ချိန်ဆွဲမယ့်နည်းဗျူဟာတွေကို တစ်ခုချင်း လုပ်ဆောင်မှာဖြစ်တယ်။ မအလ၏ စစ်အာဏာကို အချိန်ကြာနိုင်သလောက် ဆွဲထားပေးပြီး သူတို့လိုချင်တဲ့ အရေးကြီးလုပ်ငန်းကိစ္စတွေကို အမိအရ စာချုပ်မယ်။ ဖြစ်နိုင်ရင် မအလ, မသဘ, လက်မဲတစ်သိုက်တို့ကို အရိုးစား အရည်သောက်လေးပေးပြီး ရုပ်သေး မအလကို ထာဝရ စင်ပေါ်မှာ ထားပြီး အကခိုင်းနိုင်အောင် လုပ်မယ်။ တကယ့်ရည်ရွယ်ချက်ကတော့….တပည့်ကျော် “မအလ” အကြမ်းဖက်သမားများကို နိုင်ငံတကာနယ်ပယ်မှာ စင်တင်ပြီး တရားဝင်ကပြနိုင်အောင် လုပ်ဆောင်ခြင်းနဲ့ တစ်ချက်ခုတ် အချက်ပေါင်းများစွာ ထိရှနိုင်တဲ့ တရုတ်၏ တိုက်ကွက်တစ်မျိုးသာ ဖြစ်ပါတယ်။ Constitution Mandate Legitimacy and Election Votes. ဖွဲ့စည်းပုံ အခြေခံဉပဒေ၊ ပြည်သူအများ၏ ထောက်ခံမှုဖြင့်ရရှိထားသော လုပ်ပိုင်ခွင့်အာဏာ၊ တရားဝင်မှု၊ ရွေးကောက်ပွဲ မဲရလဒ်များကို နိုင်ငံတကာအသိအမှတ်ပြု ရရှိထားတဲ့ CRPH/NUG ကို အသိအမှတ်မပြုဘဲ၊ ဉပဒေမဲ့ လက်နက်ပြ အကြမ်းဖက် ပြည်သူကတင်မြှောက်ထားတဲ့ နိုင်ငံခေါင်းဆောင်တွေကိုဖမ်းဆီးပြီး အာဏာလု့ယူထားသူကို တရားဝင်လာရောက်တွေ့ဆုံတယ်ဆိုတာဟာ ငါတို့ မဲဆန္ဒရှင် ပြည်သူတွေကို အသိအမှတ်မပြုတဲ့ “စော်ကာမူ” သက်သက်ပဲဖြစ်ပါတယ်။ အာဆီယံဟာ “မသူတော်အချင်းချင်းတွေ များတာမို့” ငါတို့အတွက် ဘာမျော်လင့်ချက်မှ မရှိပါဘူး။ သံဃာတော်နဲ့ ကလေးငယ်များ အပါအဝင် အပစ်မဲ့ပြည်သူ တစ်ထောင်ကျော် ဉပဒေမဲ့ အသတ်ခံရပြီး အမြောက်အများ အဖမ်းခံထားရတာ အားလုံးသိတယ်။ လူသတ်သမားကိုယ်တိုင် လူသုံးရာလောက်သတ်ထားတယ်လို့ ကိုယ်တိုင် ဝန်ခံထားတာပါ။ အခြား ရဟန်း ရှင်လူအားလုံး ဘယ်လောက် စိတ်မချမ်းသာ ကိုယ်မချမ်းသာ ဒုက္ခရောက်နေရတာကို အားလုံးအသိပါ။ အမှန်တရားကို လိုလားသူအားလုံး မိတ်ဆွေနိုင်ငံမျာအားလုံး ပြည်တွင်း ပြည်ပ…….CRPH/NUG ဦးဆောင်မူအောက်မှာ ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ်အစီအစဉ်အတိုင်းပဲ ဆက်လုပ်ကြပါ။ “နတ်ကရာ ကျီးမော” သူတို့ရဲ့ လှည့်ကွက်တွေထဲ အမျှောမခံကြပါနဲ့။ ဖုတ်ကောင်နဲ့ ဖုတ်သူရဲကို ခွဲခြားပြီး ရန်သူအစစ် ဖုတ်သူရဲကို မြင်နိုင် ခွဲထုပ်နိုင်ကြပါစေ…..အရေးတော်ပုံ အောင်ရမည်-🤺🤺🤺🤺🤺🤺🤺🤺🤺🤺🤺- fight for now, future & our next generation.