စစ်ပွဲအတွင်း နစ်နာသူတွေအတွက် NUG ကော်မရှင်ဖွဲ့ စုံစမ်း
စစ်ပွဲတွေအတွင်း နစ်နာသူတွေအတွက် စုံစမ်းဖော်ထုတ် အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝာရီလ ၂၈ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကယားပြည်နယ်တွင်း သတင်းထောက်နှစ်ယောက်နဲ့ စစ်ဘေးဒုက္ခသည် တစ်ယောက်ကို KNDF နဲ့ KA တပ်တွေရဲ့ လက်အောက်ခံမဟုတ်တဲ့ သီးခြား ဒေသခံ လက်နက်ကိုင်တစ်ဖွဲ့က မှားယွင်းဖမ်းဆီး ရိုက်နှက်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ခဲ့ပြီးနောက် NUG ဘက်က အခုလို ထုတ်ပြန်တာဖြစ်ပါတယ်။
စစ်ပွဲအတွင်း နစ်နာသူတွေအနေနဲ့ "စစ်ရေးပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင်" ကို တိုင်ကြားနိုင်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာပါပါတယ်။
ဒီကော်မရှင်ထဲမှာ NUG အစိုးရ၊ တရားရေးဝန်ကြီးဌာန၊ စစ်အာဏာဖီဆန်ရေး CDM မှာပါဝင်တဲ့ တရားရေးဝန်ထမ်းတွေ၊ ဥပဒေကျွမ်းကျင်ပညာရှင်တွေပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ပွဲအတွင်း အရပ်သားပြည်သူတွေအပေါ် ပြစ်မှုကျူးလွန်သူတွေကို စစ်ဖက်တရားစီရင်မှုနဲ့ရော အရပ်ဘက်တရားစီရင်မှုစနစ်နဲ့ပါ အရေးယူသွားမယ်လို့ NUG က သတိပေးဖော်ပြလိုက်ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ပြန်လည်ခုခံဖို့ ဒေသအလိုက် လက်နက်ကိုင်တပ်ဖွဲ့တွေ အများအပြား ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
NUG ကာကွယ်ရေး ဝန်ကြီးဌာန အောက်မှာလည်း ဒေသခံ PDF တပ်ဖွဲ့တွေကို ဖွဲ့စည်းထားတာဖြစ်ပြီး စစ်အတွင်း PDF တပ်ဖွဲ့တွေ လိုက်နာရမယ့် စစ်စည်းကမ်းတွေကိုလည်း ထုတ်ပြန်ထားပါတယ်။