ပြည်သူဒုက္ခရောက်စေမယ့် စစ်ရေးတွေကို ငြင်းဆန်ကြဖို့ တပ်မတော်သားတွေကို NUG တိုက်တွန်း
ပြည်သူတွေကို သတ်ဖြတ်ခိုင်းတဲ့ အမိန့်တွေနဲ့ ပြည်သူတွေ ဒုက္ခရောက်စေမယ့် စစ်ရေးတွေကို ငြင်းဆန်ကြဖို့ တပ်မတော်သားတွေကို အမျိုးသားညီညွတ်ရေး အစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က တိုက်တွန်းလိုက်ပါတယ်။
NUG ယာယီသမ္မတ ဒူဝါလရှီးလ က ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးမိန့်ခွန်းပြောကြားရာမှာ တပ်မတော်သားတွေကို ထည့်သွင်းတိုက်တွန်းထားတာပါ။
“ပြည်သူ့တပ်မတော်သားတွေအနေနဲ့ CDM ဝင်ကြပါ။ အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်တဲ့ ပြည်သူ့ရင်ခွင်ကို ခိုလှုံကြပါ။ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ဖို့ အမိန့်ပေးတဲ့အခါ ငြင်းဆန်ကြပါ။ အပြစ်မဲ့ပြည်သူတွေကို ဒုက္ခပေးမယ့် စစ်ရေးတွေကို ငြင်းဆန်ကြပါ။ တကယ်လို့ ငြင်းဆန်လို့မရတဲ့ အခြေအနေမှာ စစ်ထွက်ရရင်လည်း ပြည်သူတွေကို အတတ်နိုင်ဆုံး ကောင်းကောင်း ကူညီပေးကြပါ။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ထိပ်တိုက်မတွေ့နိုင်အောင် ရှောင်ရှားကြပါလို့ တိုက်တွန်းလိုပါတယ်”
ပြည်သူ့ရင်ခွင်အဖွဲ့က ဗိုလ်ကြီး လင်းထက်အောင်ရဲ့ ပြောကြားချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ ၁၁ လအတွင်း ပြည်သူနဲ့ ပူးပေါင်းလာတဲ့ ရဲနဲ့ စစ်သား ၈ဝဝဝ ကျော် ရှိလာပြီလို့ သိရပါတယ်။
အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၆ဝဝဝ ကျော်နဲ့ စစ်သား အရေအတွက် ၂ဝဝဝ ကျော် ရှိနေပြီလို့ ဗိုလ်ကြီး လင်းထက်အောင်က ဆိုပါတယ်။
“တိုက်ခိုက်ရေးဘက်မှာ PDF တပ်ဖွဲ့တွေနဲ့ အတူတကွ တိုက်ခိုက်နေတဲ့သူတွေရှိသလို ဆိုရှယ်မီဒီယာကနေ သူတို့တတ်သိနားလည်တာကို မျှဝေပေးနေသူတွေလည်း ရှိတယ်။ တခြားအပိုင်းတွေမှာလည်း ပါဝင်နေကြတာ ရှိတယ်။ တော်တော်များများကတော့ ဒီတော်လှန်ရေးမှာ ပါဝင်နေကြပါတယ်”
CDM လုပ်လာသူတွေထဲမှာ ဗိုလ်မှူးအဆင့်အထိ ပါဝင်ပြီး အရာရှိ ရာဂဏန်းလောက်ရှိတယ်လို့လည်း သိရပါတယ်။ တပ်တွင်းကနေ ပြည်သူ့ဘက်ကို လျှို့ဝှက်စွာ ရပ်တည်နေသူတွေလည်း ရာဂဏန်းလောက် ရှိနေပြီလို့ ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။ ဒီအရေအတွက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။
ပြည်သူ့ရင်ခွင်အဖွဲ့ဟာ CDM လှုပ်ရှားမှုမှာ ပါဝင်လာသူတွေကို စိစစ်တာ၊ ငွေကြေးပိုင်းဆိုင်ရာ အကူအညီပေးတာ၊ လွတ်မြောက်နယ်မြေ ရောက်ရှိအောင် သက်ဆိုင်ရာ နယ်မြေခံ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကူညီတာတွေ လုပ်ဆောင်ပါတယ်။