ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်သွားမယ့်ခရီးစဉ်အပေါ် NUG အမြင်

နန္ဒာချမ်း (ဝါရှင်တန်ဒီစီ)
2022.05.27
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်သွားမယ့်ခရီးစဉ်အပေါ် NUG အမြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ။
Photo : UN

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noeleen Heyzer ကို စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိပ်မကြာခင် မြန်မာပြည်ကို လာခဲ့ဖို့ ဖိတ်ကြားခဲ့တဲ့အတွက် သူ့အနေနဲ့ သွားဖို့ စီစဉ်ထားကြောင်း၊ သူမသွားခင် မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေတွေအပေါ် ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ အမြင်တွေကို သိရဖို့ ဝန်ကြီးချုပ် Hun Sen နဲ့ တွေ့ဆုံခဲ့တယ်လို့ The Phnom Penh Post မှာ ရေးသားထားတာပါ။

ဆွစ်ဇာလန်နိုင်ငံ Davos မှာ မေ ၂၂ ကနေ ၂၆ ရက်နေ့အထိလုပ်တဲ့ ကမ္ဘာ့စီးပွားရေး ညီလာခံ ဘေးပန်းမှာ Noeleen Heyzer နဲ့ ဝန်ကြီးချုပ် Hun Sen တို့ တွေ့ဆုံခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့မှာ လိုက်ပါလာသူတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။

ဒီအပေါ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုတဲ့ ခရီးစဉ်မဖြစ်ဖို့ လိုတယ်လို့ NUG ရဲ့ အာဆီယံနိုင်ငံများဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့် က ပြောဆိုခဲ့ပါတယ်။

“သူဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ ပကတိအခြေအနေ အရပ်ရပ်ကို သိပြီးဖြစ်တဲ့အတွက် ကုလသမဂ္ဂအနေနဲ့ ဆောင်ရွက်တဲ့အခါမှာ လက်ရှိ တရားမဝင် စစ်အုပ်စုကို အသိအမှတ် ပြုရာ ရောက်စေမယ့် အပြုအမူ အပြောအဆိုမျိုးတွေကို ရှောင်ရှား သွားလိမ့်မယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ မိဘပြည်သူတွေ လိုလားတဲ့ ရလဒ်ကောင်းတွေ ပေါ်ထွက်လာအောင် အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်သွားနိုင်လိမ့်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဆောင်ရွက်သွားနိုင်ပါစေလို့လည်း ဆန္ဒပြုပါတယ်ခင်ဗျ။”

အထူးကိုယ်စားလှယ် Noeleen Heyzer အနေနဲ့ ဒီခရီးစဉ်သွားဖြစ်ခဲ့ရင် - ဒါဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက တစ်နှစ်ကျော်ကာလအတွင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တစ်ဦးရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ပါတယ်။

 

ဒါပေမဲ့ ဒီခရီးစဉ်အတွင်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ရ မရ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

“အဓိကအားဖြင့်တော့ မြန်မာနိုင်ငံမှာ တွေ့သင့်တွေ့ထိုက်တဲ့ ပုဂ္ဂိုလ်များအားလုံးနဲ့ တွေ့ဆုံရေးဆိုတာဟာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ထဲက တစ်ချက်ပါ။ အဲဒီတော့ ဒီခရီးစဉ်အတွင်းမှာ ဒေါက်တာ နိုလင်းဟေဇာအနေနဲ့ ထိန်းသိမ်းခံထားရတဲ့ တရားဝင်အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတကြီး ဦးဝင်းမြင့်တို့ တခြား တွေ့သင့်တွေ့ထိုက်တဲ့ ခေါင်းဆောင်များအားလုံးနဲ့ တွေ့ခွင့်ရရေးဟာ အားလုံးက တိုက်တွန်းနေကြတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရေးမှာ အင်မတန် အရေးကြီးတဲ့ အချက်တွေ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွတ်လွတ်လပ်လပ် တွေ့ခွင့်ရရေးဟာ အင်မတန် အရေးကြီးတယ်လို့ မြင်ပါတယ်။ တွေ့ခွင့်မရခဲ့ရင်တော့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ခဲယဉ်းမယ်။ အဲ့ဒီလို အကောင်အထည်ဖော်ဖို့ ခဲယဉ်းတာနဲ့အမျှ နိုင်ငံတကာရဲ့ မျှော်လင့်ချက်တွေဟာ အကောင်အထည်ပေါ်လာဖို့ ခဲယဉ်းမှာပဲ ဖြစ်ပါတယ်။”

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကတော့ -

၁။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့၊

၂။ ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတစ်ခုရအောင် သက်ဆိုင်သူ အားလုံး အပြုသဘော ဆွေးနွေးကြဖို့၊

၃။ အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ ဆွေးနွေးရေးလုပ်ငန်းစဉ် အကောင်အထည် ဖော်နိုင်အောင် အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တစ်ယောက်က ကြားဝင် ညှိနှိုင်းပေးဖို့၊

၄။ အာဆီယံအသင်းရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဌာနကတဆင့် မြန်မာနိုင်ငံကို အကူအညီတွေ ပေးဖို့၊

၅။ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဖို့ အာဆီယံအထူးကိုယ်စားလှယ်နဲ့အဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ဖို့…. ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံက ခန့်အပ်ခဲ့တဲ့ အထူး ကိုယ်စားလှယ်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် အကြိမ်ကြိမ် တောင်းပေမဲ့ အခုထိ တွေ့ခွင့်မရခဲ့ပါဘူး။

လက်ရှိ အာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဝန်ကြီးချုပ် Hun Sen ကတော့ - ဒီတစ်ပတ်ထဲ အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့ တွေ့ဆုံချိန်မှာ ကမ္ဘောဒီးယားအနေနဲ့ မြန်မာနိုင်ငံကို ကူညီဖို့အတွက် ဦးစားပေး ၃ ချက်ကို ပြောဆိုခဲ့တာပါ။

ထာဝရ အပစ်အခတ်ရပ်စဲရေးကတဆင့် အကြမ်းဖက်မှုအဆုံးသတ်ရေးက ပထမ၊ အရေးတကြီး အကူအညီ လိုအပ်နေသူတွေဆီကို လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ရေးက ဒုတိယ၊ သက်ဆိုင်တဲ့ အင်အားစုတွေ အားလုံးပါဝင်တဲ့ အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ဖို့က တတိယဖြစ်တဲ့ အကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် Hun Sen ဟာ ဇန်နဝါရီထဲမှာပဲ မြန်မာနိုင်ငံကို နှစ်ရက်ကြာ သွားရောက်ခဲ့ပြီး စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာပါ။ အဲဒီတွေ့ဆုံမှုအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၂ဝ၂၂ နှစ်ကုန်အထိ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးပြီး အကြမ်းဖက်မှုတွေကို လျှော့ချမယ်လို့ ကတိပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအခြေအနေကို ဖြေရှင်းဖို့ အာဆီယံကနေ ဘုံသဘော တူညီချက် ၅ ရပ် ချမှတ်ခဲ့ပေမယ့် အခုချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးတဲ့အပေါ် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။