ရိုဟင်ဂျာအရေး လှုပ်ရှားသူ ဦးအောင်ကျော်မိုးကို NUG ဒု-ဝန်ကြီး ခန့်အပ်

RFA Burmese
2023.06.30
ရိုဟင်ဂျာအရေး လှုပ်ရှားသူ ဦးအောင်ကျော်မိုးကို NUG ဒု-ဝန်ကြီး ခန့်အပ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးအား တွေ့ရစဉ်။
Aung Kyaw Moe

ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ အစ္စလာမ်ဘာသာဝင် ဦးအောင်ကျော်မိုးကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဇွန် ၃ဝရက်နေ့က ခန့်အပ်လိုက်ပါတယ်။

ပြည်သူလူထုက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်တဲ့အာဏာကို ကျင့်သုံးပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ ဦးအောင်ကျော်မိုးကို ခန့်အပ်တာဝန်ပေးလိုက်တာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ကြေညာလိုက်တာပါ။

NUG အစိုးရအဖွဲ့အတွင်းမှာ ပထမဆုံး အစ္စလာမ်ဘာသာဝင် ဝန်ကြီးတစ်ဦး ဖြစ်လာတာပါ။

မြန်မာ့နိုင်ငံရေးမှာ လူနည်းစုဘာသာဝင်တွေ ရိုဟင်ဂျာလူမျိုးစုထဲက တန်းတူပါဝင်ခွင့်ရှိလာတာလို့ ဦးအောင်ကျော်မိုးက ပြောပါတယ်။

“ရိုဟင်ဂျာလူမျိုးစုထဲက ကျွန်တော့်ကို အခုလိုခန့်အပ်လိုက်တာမှာ မြန်မာ့နိုင်ငံရေးမှာ လူနည်းစုဘာသာဝင်တွေ တန်းတူပါဝင်ခွင့်ရှိတယ်ဆိုတဲ့ဟာကို သက်သေပြလိုက်တာနဲ့အတူတူဖြစ်တယ်။ သင့်တော်တဲ့ပုဂ္ဂိုလ်တွေ ရှိလာရင် ပါဝင်ခွင့်ရလာအောင် လမ်းကြောင်းဖွင့်ပေးလိုက်တာပါ။“

ဦးအောင်ကျော်မိုးဟာ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ အကြံပေးအဖြစ် ၂၀၂၁ ခုနှစ်ကစပြီး လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံလိုက်ရတဲ့ ဦးအောင်ကျော်မိုးဟာ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို မြန်မာ၊ ထိုင်း၊ အာဖဂန်နစ္စတန်နဲ့ လိုက်ဘေးရီယားတို့မှာ ၁၅ နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးဆောင်ရွက်ချက်တွေကြောင့် ပြင်သစ်အစိုးရရဲ့ လူ့အခွင့်အရေးဆု၊ ၂၀၁၉ ခုနှစ်အတွက် ဥရောပသမဂ္ဂရဲ့ Schuman Award ဆုအပါအဝင် နိုင်ငံတကာဆု လေးခုလည်း ချီးမြှင့်ခံထားရသူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။