NUG နဲ့ တိုင်းရင်းသားသုံးဖွဲ့ခေါင်းဆောင်တွေ ဂျပန်ကို အကူအညီတောင်း

RFA Burmese
2024.05.16
NUG နဲ့ တိုင်းရင်းသားသုံးဖွဲ့ခေါင်းဆောင်တွေ ဂျပန်ကို အကူအညီတောင်း NUG နှင့် တိုင်းရင်းသား သုံးဖွဲ့ ခေါင်းဆောင်များအား ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Yuichi Nitta

မြန်မာနိုင်ငံကို လေယာဉ်ဆီပိတ်ပင်ဖို့ ဆောင်ရွက်နေတဲ့ နိုင်ငံတကာလှုပ်ရှားမှုကို ထောက်ခံပါဝင်ပေးဖို့၊ အိန္ဒိယက စစ်ကောင်စီကို လက်နက်လွှဲပြောင်းမပေးအောင် စည်းရုံးပေးဖို့နဲ့၊ လူသားချင်းစာနာမှု အကူအညီကို စစ်ကောင်စီကနေတစ်ဆင့် ပေးတာမဟုတ်တဲ့ လမ်းကြောင်းကနေကူညီဖို့ တိုင်းရင်းသားသုံးဖွဲ့နဲ့ NUG တို့က ဂျပန်အစိုးရကို တိုက်တွန်းတောင်းဆိုလိုက်တယ်လို့ နစ်ကေးအေးရှားသတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

ကရင်အမျိုးသား အစည်းအရုံး KNU နိုင်ငံခြားရေးဌာန အတွင်းရေးမှူး စောနင်မ်ရော့၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဌာန အတွင်းရေးမှူး လွဇ်၊ ချင်းအမျိုး သားတပ်ဦး CNF အထွေထွေအတွင်းရေးမှူး ဆလိုင်းထာဟဲနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပညာရေးနဲ့ ကျန်းမာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ပါတဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တိုကျိုမြို့မှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာလို့ ဆိုပါတယ်။

အနာဂတ်မှာ စစ်တပ်အနေနဲ့ နိုင်ငံရေးမှာ လုံးဝမပါတော့ဘူးဆိုတဲ့ ကတိရဖို့လိုတယ်ဆိုတာ အဖွဲ့အားလုံးရဲ့ ဘုံတောင်းဆိုချက်ဖြစ်တယ်လို့လည်း ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

အဲဒီအပြင် တိုင်းရင်းသားအဖွဲ့တွေနဲ့ NUG တို့က တစ်နိုင်ငံလုံးမှာ ၅၆ မြို့ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သလို၊ အောင်ပွဲရဖို့ နီးလာတာနဲ့အမျှ စစ်ကောင်စီဘက်ကလည်း ပိုပြီးရက်စက်လာတယ်လို့ ဆိုပါတယ်။

အဲဒီကိုယ်စားလှယ်အဖွဲ့မှာ KNU ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းနဲ့ KNPP ဥက္ကဋ္ဌ ခူဦးရယ်တို့လည်း ပါဝင်ပြီး ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မာဆာဟီရို ကိုမူရာနဲ့ အင်္ဂါနေ့က တွေ့ဆုံခဲ့တယ်လို့ သတင်းမှာ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။