စစ်ကောင်စီကျူးလွန်မှုတွေ တရားမျှတမှုရအောင် AA နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ NUG ပြော

RFA Burmese
2024.03.01
စစ်ကောင်စီကျူးလွန်မှုတွေ တရားမျှတမှုရအောင် AA နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ NUG ပြော မင်းပြားမြို့ မင်းဖူးဆေးရုံအား စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပျက်အစီးများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က AA မှ ထုတ်ပြန်ခဲ့စဉ်။
AA Info Desk

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်တာတွေကို ရက္ခိုင့်တပ်တော်(AA) နဲ့ ပူးပေါင်းပြီး တရားမျှတမှုရအောင် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ မတ် ၁ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်က အရပ်သားပြည်သူတွေစုဝေးနေတဲ့ စျေး၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ ကြီးလေးတဲ့ စစ်ရာဇဝတ်မှုတွေကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်းကျူးလွန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်း စျေးအတွင်းကို စစ်ကောင်စီ ရေတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သား ၁၂ ဦးသေဆုံးခဲ့ပြီး အယောက် ၈၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း မင်းပြားမြို့နယ်က မင်းဖူးဆေးရုံကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆေးရုံအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့သလို ဆေးဝါးကုသနေတဲ့ လက်နက်ချ တပ်မတော်သားတွေ၊ အရပ်သားပြည်သူတွေ၊ ဆေးရုံဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ သူတို့အပေါင်းအပါတွေဟာ ရခိုင်ပြည်သူတွေရဲ့ ဂုဏ်သိက္ခာကို ထိပါးအောင် ပုတ်ခတ်စွပ်စွဲပြီး နိုင်ငံသူ နိုင်ငံသားအချင်းချင်းကြား လူမျိုးရေး မုန်းတီးအောင် သွေးထိုးလှုံ့ဆော်တာတွေ ပိုမိုလုပ်ဆောင်နေတယ်လို့လည်း NUG က ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် သေဆုံးရတာတွေ၊ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ရခိုင်ပြည်သူတွေအတွက် မိသားစုနဲ့ထပ်တူဝမ်းနည်းကြောင်းနဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်နေတဲ့ ရခိုင်ပြည်သူတွေနဲ့အတူ တစ်စိတ်တစ်ဝမ်းတည်းရှိတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်သူတွေနဲ့ ပတ်သက်ပြီး ဘယ်လိုပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကိုတော့ တိတိကျကျထည့်သွင်းဖော်ပြမထားပါဘူး။ NUG ပြောရေးဆိုခွင့်ရှိသူတွေနဲ့ AA ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် သေဆုံးတဲ့အရပ်သား ၁၁၁ ဦးနဲ့ ဒဏ်ရာရသူ ၃၅၇ ဦး ရှိနေတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။