နေပြည်တော်မှာ ကိုဗစ်ရောဂါကြောင့် ရက် ၂၀ နီးပါးအတွင်း လူ ၇၀ သေဆုံး

2021.07.20
နေပြည်တော်မှာ ကိုဗစ်ရောဂါကြောင့် ရက် ၂၀ နီးပါးအတွင်း လူ ၇၀ သေဆုံး နေပြည်တော် ပျဉ်းမနားမြို့မဈေးရှေ့မှာ ပိုးသတ်ဆေးဖျန်းနေတဲ့ ကျန်းမာရေးဝန်ထမ်း တစ်ဦးကို တွေ့ရစဉ်
Photo: RFA

နေပြည်တော်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁၉ ရက် မနေ့ကအထိ နေပြည်တော်မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၅၅၇၂ ဦးရှိနေပြီး သေဆုံးသူ ၇၉ ဦးထိရှိလာပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ရောဂါပိုးကူးစက်ခံရသူ ၁၉၇၆ ဦးနဲ့ သေဆုံးသူ ၁၀ ဦးသာ ရှိခဲ့တာကြောင့် အချိန် ၁၉ ရက်အတွင်းမှာ အတည်ပြုလူနာ ၃၆၀၀ လောက်နဲ့ သေဆုံးသူ ၇၀ လောက် ထပ်တိုးသွားတာဖြစ် ပါတယ်။

ဒါဟာ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ စာရင်းသာဖြစ်ပြီး ဆေးရုံတွေကို ရောက်မလာဘဲ နေအိမ်မှာ မိမိအစီအစဉ်နဲ့ ကုသနေကြသူတွေနဲ့ အဲဒီအထဲက သေဆုံးတဲ့ သူတွေလည်းရှိနေတာကြောင့် လက်တွေ့မှာ ကူးစက်နှုန်းနဲ့ သေဆုံးနှုန်းက အခုထုတ်ပြန်ထားတဲ့ စာရင်းတွေထက် ပိုများနိုင်တယ်လို့ ရောဂါကူးစက်မှု အများဆုံးမြို့နယ်တစ်ခုဖြစ်တဲ့ နေပြည်တော် ပျဉ်းမနားမြို့နယ်က ဒေသခံတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

အခုလို ရောဂါပိုးကူးစက်မှုတွေ များလာတာကြောင့် နေပြည်တော်ကောင်စီနယ်မြေမှာ မြို့နယ် ၈ ခုရှိတဲ့ အနက်က ဇမ္ဗူသီရိနဲ့ ပျဉ်းမနားမြို့နယ် နှစ်ခုကို ဇူလိုင်လ ၇ ရက်နေ့ကတည်းက နေအိမ်မှာနေထိုင်ရေး (Stay at Home) ထုတ်ပြန်ထားပါတယ်။

နေအိမ်မှာနေထိုင်ရေး (Stay at Home) ထုတ်ပြန်ထားတဲ့ မြို့နယ် အဝင်အထွက်နေရာတွေ၊ လမ်းဆုံလမ်းခွ တွေကို သံဆူးကြိုးအကာအရံတွေကာထားပြီး ရဲလုံခြုံရေးတွေက စောင့်ကြပ်နေပါတယ်။

နေပြည်တော်က မြို့နယ်တော်တော်များများမှာလည်း မဖြစ်မနေဖွင့်ရတဲ့ ဆေးဆိုင်၊ စားသောက်ကုန်ဆိုင်တွေ ကလွဲလို့ တခြားဆိုင်တိုင်းနီးပါးလိုလို ပိတ်ထားပြီး လမ်းတွေပေါ်မှာလည်း လူအသွားအလား နည်းပါးနေ ပါတယ်။

စစ်ကောင်စီကတော့ နေပြည်တော်မှာ ပြည်တွင်း ကျောင်းစိမ်း၊ ကျောက်မျက်ပြပွဲတွေလုပ်တဲ့ မဏိရတနာ ကျောက်စိမ်းခန်းမကို ကိုဗစ်ကုသရေးစင်တာအဖြစ ်ပြောင်းလဲပြင်ဆင်ထားပြီး အဲဒီစင်တာမှာ လူနာ ၁၅၀၀ ကို ကုသနိုင်အောင် ပြင်ဆင်ထားတယ်လို့ ဇူလိုင်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။